ကိုဗစ်ကြောင့် လူသေဆုံးမှု စစ်ကောင်စီထုတ်ပြန်သည့်စာရင်းထက် အဆမတန်ပိုများနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လှိုင်းသစ်ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတာနဲ့အမျှ သုသာန်တွေမှာ ပုံမှန်ထက် ပိုများတဲ့ လူသေရုပ်အလောင်းတွေ ရာနဲ့ချီပြီး သင်္ဂြိုဟ်ပေးနေရပါတယ်။
မြန်မာနိုင်ငံရဲ့ဒေသအသီးသီးမှ မှတ်တမ်းတွေအရ စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်တဲ့ သေဆုံးမှုစာရင်းထက် နေ့စဉ်သေဆုံးသူဦးရေက ပိုမိုများပြားနေပြီး ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး နောက်ထပ်မှတ်ချက်ရဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်လို့ မရသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်က ရေဝေးသင်္ချိုင်းမှာ အသုဘအခမ်းအနားတွေ ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရက်ကို ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒါဟာ ပုံမှန်မျှော်လင့်ထားတဲ့ အရေအတွက်ထက် ၂ ဆကျော် ပိုများနေတယ်လို့ အသုဘဝန်ဆောင်မှုလုပ်သူတွေက ပြောပါတယ်။
ရန်ကုန်က တခြားသုဿာန် ၂ ခုမှာလည်း တနေ့ကို မီးသင်္ဂြိုဟ်ရတဲ့ အလောင်းအရေအတွက် ၄၀၀ နဲ့ ၅၀၀ ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။ လူသေအလောင်းတွေကို သုသာန်ဆီ သယ်ယူပို့ဆောင်ပေးရတာ တနေ့ကို ခရီးစဉ် ၄၀ ကျော်တယ်လို့ ပီပီအီးဝတ်စုံဝတ်ပြီး အလောင်းသယ်ပေးတဲ့ ပရဟိတသမား အသက် ၅၂ နှစ်အရွယ် ဦးဘိုစိန်က ပြောပြပါတယ်။
အမည်မဖော်လိုတဲ့ ရန်ကုန်က အခမဲ့နာရေးကူညီမှုတည်ထောင်သူက သူ့ရဲ့ အသင်းသား ၁၈ ယောက်နဲ့ နိုင်နင်းအောင် မလုပ်နိုင်တော့လို့ နောက်ထပ် ပရဟိတသမားတွေ ထပ်ခေါ်ယူခဲ့ ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့က အေးရိပ်ငြိမ်သင်္ချိုင်းမှာတော့ ဇူလိုင် ၁၃ ရက်က ကိုဗစ်သံသယနဲ့သေဆုံးသူ အလောင်း ၆၃ လောင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သင်္ချိုင်း ကြီးကြပ်သူတဦးက ပြောပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ မြန်မာနိုင်ငံမှာ ဇွန်လက စတင်ဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီးနောက်မှာ ဇူလိုင် ၁၄ ရက်က ကူးစက်မှုပေါင်း ၇,၀၈၉ ခုရှိခဲ့ပါတယ်။
တရားဝင်ကိန်းဂဏန်းတွေအရ ရောဂါကူးစက်ခံရသူပေါင်း ၂၀၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ပေါင်း ၄၁၁၁ ဦး ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်က အာဏာအကြမ်းဖက်သိမ်းယူပြီးနောက်မှာ ကျန်းမာရေးစစ်ဆေးမှုတွေပြိုလဲခဲ့ပြီး တကယ်တမ်းကူးစက်ခံရတဲ့ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ထက် အများကြီး ပိုရှိနိုင်ကြောင်း ကျန်းမာရေးလုပ်သားတွေက ခန့်မှန်းထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့ သူတို့ တတ်နိုင်သမျှ အားလုံးကိုလုပ်နေပြီး မြန်မာပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေကို ပူးပေါင်း ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားတဲ့ ၅ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင် လက်ရှိ လူ ၃ ယောက်မှာ တယောက် ကူးစက်ခံနေရတာဟာ ကပ်ဘေးကို ထိန်းချုပ်နေတာကို ပြနေတယ်လို့ ဆိုပါတယ်။
ဒီနှုန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရက ကူးစက်မှုဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ခဲ့တဲ့ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းကျော် မြင့်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၁၈၈ ယောက်၊ သေဆုံးသူ ၁၆၅ ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၁၂,၅၄၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။
Photo- MPA