အာဖဂန်နစ္စတန် လေကြောင်းတိုက်ခိုက်မှုတွင် တာလီဘန် ၂၀ ခန့်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာဒါ့ခ်ရှန်ပြည်နယ်ရဲ့ ရှုဟာဒါခရိုင်မှာ ဇူလိုင် ၁၅ ရက်က အာဖဂန်တပ်ဖွဲ့တွေရဲ့လေကြောင်းတိုက်ခိုက်မှုမှာ ဒုအုပ်ချုပ်ရေးမှူးအပါအဝင် တာလီဘန်သူပုန် အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့ အာဖဂန် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ချက်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အဓိကတပ်မှူးတစ်ဦး အပါအဝင် သူပုန် ၂ဝ လောက် ထိခိုက်သွားပြီး လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ မော်တော်ယာဉ်တွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ တဖြည်းဖြည်း ဆုတ်ခွာသွားတာနဲ့အမျှ တာလီဘန်နဲ့ အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေလဲ ပိုပြီးပြင်းထန်လာပါတယ်။
တာလီဘန်တွေဟာ မြောက်ပိုင်းနဲ့ အနောက်ဘက်က နယ်နိမိတ် အတော်များများနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေကို သိမ်းယူထားပါတယ်။
ကဘူးလ်မြို့ရှိ အာဖဂန်အစိုးရအဆင့်မြင့်အရာရှိ နဒါနာဒရီက လုံခြုံရေးတပ်ဖွဲ့တွေဟာ တာလီဘန်စစ်သွေးကြွတွေကို ပြန်မောင်းထုတ်ပြီး နယ်မြေခရိုင် ၁၉၀ ကိုပြန်လည်ရယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားပါတယ်။
အစ္စလာမ်မစ်စစ်သွေးကြွတွေဟာ အာဖဂန်နစ္စတန်ကို ၁၉၉၆ ခုနှစ်ကနေ သူတို့ဖြုတ်ချခံခဲ့ရတဲ့ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက တာလီဘန်တွေဟာ နိုင်ငံခြားတပ်ဖွဲ့တွေကို မောင်းထုတ်ပြီး ကဘူးလ်ရှိ အာဖဂန်အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။