အမေရိကန်နှင့် နေတိုးအဖွဲ့အတွက် စကားပြန်လုပ်ခဲ့သူ အာဖဂန်ဒေသခံများ ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ် ၂၀ ကြာ စစ်ပွဲအတွင်း အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေကို ကူညီခဲ့တဲ့ အာဖဂန်စကားပြန်ဟောင်းတွေ ဒါဇင်နဲ့ချီပြီး ဇွန် ၂၅ ရက်က ကဘူးလ်မြို့တော်က အမေရိကန်သံရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြတာပါ။
သူတို့ဟာ အမေရိကန်နဲ့သူ့မဟာမိတ်တွေ အာဖဂန်နစ္စတန်ကနေ အပြည့်အဝ ဆုတ်ခွာ သွားချိန်ကျရင် သူတို့ကို စွန့်ပစ်ထားခဲ့မှာကို စိုးရိမ်ကြတာပါ။
အမေရိကန်အစိုးရဟာ အာဖဂန်တွေအတွက် အထူးရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာ (SIV) ကို ငြင်းဆန်ခဲ့တယ်လို့ ဆန္ဒပြသူအများစုက ပြောပါတယ်။
အမေရိကန်အရာရှိတွေကတော့ သူတို့ဟာ အမေရိကန်တပ်ဖွဲ့တွေ အပြည့်အဝ တပ်မရုပ်သိမ်းသေးခင်မှာ ထောင်နဲ့ချီတဲ့ ဘေးရန်မကင်းကြတဲ့ အာဖဂန်စကားပြန်တွေကို နေရာရွှေ့ပြောင်းပေးသွားမှာဖြစ်ပြီး သူတို့ဟာ လုံခြုံတဲ့နေရာကနေ သူတို့ရဲ့ဗီဇာလျှောက်လွှာတွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်တယ်လို့ ဇွန် ၂၄ ရက်က ပြောပါတယ်။
ဘေးအန္တရာယ်ကြုံနေရတဲ့ အာဖဂန်လူမျိုးတွေကို နေရာရွှေ့ပြောင်းပေးမှုမှာ သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် လူဦးရေ ၅ သောင်းအထိ ထည့်သွင်းသွားမယ်လို့ အဆင့်မြင့် ရီပတ်ဘလီကန်အမတ် တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်းမှာလည်း ယူအက်စ်ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန်တပ်ဖွဲ့တွေနဲ့ တာလီဘန်တွေအကြား တိုက်ပွဲတွေတိုးလာပြီး စစ်သွေးကြွတွေ က နယ်မြေတွေ ထိန်းချုပ်လာပါတယ်။
အခုခါ တာလီဘန်က အာဖဂန်ရဲ့ခရိုင် ၄၁၉ ခုမှာ ၈၁ ခုကို ထိန်းချုပ်ထားတယ်လို့ ပင်တဂွန်က ခန့်မှန်းထားပါတယ်။
အစိုးရနဲ့ တာလီဘန်တို့ကြားက နိုင်ငံရေးအရဆွေးနွေးမှုတွေလည်း ရပ်တန့်နေပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာသွားရင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ဘယ်လို ထမ်းဆောင်မယ်ဆိုတာ မရှင်းလင်းသေးပါဘူး။
တာလီဘန်တွေကတော့ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ အတူအလုပ်လုပ်ခဲ့တဲ့ အာဖဂန်လူမျိုးတွေရဲ့ လုံခြုံရေးကို စိတ်ချဖို့ အာမခံထားပါတယ်။