close

ဝိုင်းမော်တွင် ကိုဗစ်ကူးစက်ခံရသည့်မိခင် ၁ ဦး ကလေးငယ်ကို အောင်မြင်စွာမွေးဖွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး  ကလေးငယ်ကို ဇူလိုင် ၁၉ အာဇာနည်နေ့က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေဆီက သိရပါတယ်။

မနက်အစောကြီးကတည်း ကိုဗစ်လူနာဆောင်မှာ ကိုယ်၀န်‌ဆောင် အမျိုးသမီးလူနာ ဗိုက်နာလာတာကြောင့် တာ၀န်ကျ ဆေးရုံဆရာမတွေက PPE ၀တ်စုံအပြည့် ဝတ်ဆင်ကာ မနက် ၁၀ နာရီလောက်မှာ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာကဖြစ်ပြီး ဇူလိုင် ၁၄ ရက်နေ့ကတည်းက ပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံတက် ကုသနေတာပါ။ အမျိုးသမီးဟာ ၅ ရက်ဆက်တိုက် အောက်ဆီဂျင်ရှူနေခဲ့ရတဲ့ကြားက အောင်မြင်စွာမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ မိခင်က အောက်ဆီဂျင်ရှူပြီး နို့‌တိုက်နေရပေမယ့် မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ မြို့နယ်ဆေးရုံအုပ် ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဝိုင်းမော်မြို့မှာ ဇူလိုင် ၁၉ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း ၁၉၁ ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up