close

ဉီးဉာဏ်ဝင်းကို နေ့ချင်းပြီး သင်္ဂြိုဟ်မည်၊ မသေသင့်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ဟု ရှေ့နေပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဉီးဉာဏ်ဝင်းဟာ မသေဆုံးသင့်ဘဲ သေဆုံးရတာဖြစ်တယ်လို့ သူ့ရဲ့တပည့်ရှေ့နေက ပြောပါတယ်။ 

အင်းစိန်ထောင်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ဦးဉာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်မနက် ၉ နာရီမိနစ် ၂၀  လောက်မှာ  ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းဟာ အရင်ကတည်းက ဆီးချို၊ ဆီးကြိတ်နဲ့ အူလမ်းကြောင်းမကောင်းတဲ့ ရောဂါအခံရှိသူဖြစ်ပါတယ်။ 

အင်းစိန်ထောင်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက်  ဇူလိုင် ၁၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့ရပါတယ်။ 

ဉီးဉာဏ်ဝင်းနဲ့အတူ နှစ်ပေါင်းသုံးဆယ်ကျော်လက်တွဲအလုပ်လုပ်ခဲ့တဲ့ တပည့်ဖြစ်သူ ဒေါ်စန်းမာလာညွန့်က "အရမ်းစိတ်မကောင်းဘူး။ ဆရာက မကွယ်လွန်သင့်ဘဲကွယ်လွန်တယ်လို့ ပြောချင်ပါတယ်။ ဟိုရက်တွေတုန်းက ထောင်ထဲမှာ အရမ်းပူတယ်လေ၊ အဲ့ဒီဒဏ်တွေ ဆရာမခံနိုင်ဘူး။ အမှန်ဆို ထောင်ထဲမှာ နေစရာအကြောင်းလည်းမရှိဘူး။ အဲ့ဒီအတွက်  အရမ်းစိတ်မကောင်းဘူး။ ဆရာ့ကိုဖမ်းသွားတဲ့နေ့ကလည်း ဆေးခန်းပြရမယ့်နေ့၊ တော်တော်လေးစိတ်မကောင်းဘူး။ ဒီမနက်မှာ သတိမရှိတော့ဘူးဆိုပြီး စောင့်တဲ့ကလေးက ဆက်တယ်။ ဗွီဒီယိုနဲ့ကြည့်တော့ ဆရာက မောနေတယ်။ ၉ နာရီလောက်မှာ အောက်ဆီဂျင်မရတော့ဘူး။ ခဏနေတော့ ဆရာဆုံးတယ်။ ဆရာက ဆီးကြိတ်ဆေးလည်း သောက်နေရတယ်။ အူလမ်းကြောင်း သိပ်မကောင်းတဲ့အခံလည်းရှိတယ်။"

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ရာမှာ   အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်  ဦးဉာဏ်ဝင်းကိုလည်း ပုဒ်မ ၅၀၅(ခ)နဲ့ အာဏာသိမ်းစစ်ကောင်စီက တရားစွဲခဲ့တာဖြစ်ပါတယ်။ 

ဦးဉာဏ်ဝင်းဟာ ဇူလိုင် ၁၉ ရက်နေ့က စတင် ကျန်းမာ‌ရေး အခြေအနေမကောင်းဖြစ်ခဲ့ပြီး အိမ်ကိုပြန်ချင်ကြောင်း ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ရှေ့နေ ကပြောပါတယ်။

"ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီ ၂၀ ဝန်းကျင်လောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ သူသတိကောင်းကောင်းရတယ်။ မနေ့ကစပြီး စိတ်ကယောင်ချောက်ချားစဖြစ်တယ်။ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ မနေ့ကအထိ အောက်ဆီဂျင်သိပ်မကျဘူး။ အခုမနက် ၄ နာရီလောက်မှာ သတိမရတော့ဘူး။ ဒီနေ့မနက်မှာ အောက်ဆီဂျင်ကျပြီးဆုံးတယ်။ မနေ့ကအထိ သူအိမ်ပဲပြန်ချင်နေတယ်။ အိမ်ပဲစိတ်စွဲနေတာပေါ့နော်။"

ဦးဉာဏ်ဝင်းကွယ်လွန်ချိန်မှာ ဇနီး၊ သမီးနဲ့ မြေးနှစ်ယောက်  ကျန်နေရစ်ခဲ့ပါတယ်။ ဦးဉာဏ်ဝင်းကို ဇူလိုင် ၂၀ ရက်နေ့မှာပဲ နေ့ချင်းပြီး သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up