တိုကျိုအိုလံပစ်တွင် အာဆီယံဒေသမှ အားကစားသမားပေါင်း ၁၇၀ ကျော်ဝင်ပြိုင်မည်

ဂျပန်နိုင်ငံမှာ အခုသီတင်းပတ်စတင်ကျင်းပတော့မယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက အားကစားနည်း ပေါင်း ၇၅ မျိုးမှာ အားကစားသမားပေါင်း ၁၇၁ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံက အားကစားနည်း ၁၄ နည်းမှာ အားကစားသမားပေါင်း ၄၂ ယောက်နဲ့ အများဆုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မလေးရှားက အားကစားနည်း ၁၀ မျိုး အားကစားသမား အယောက် ၃၀၊ အင်ဒိုနီးရှားက အားကစားနည်း ၈ မျိုး ကစားသမား ၂၈ ယောက်ဝင်ပြိုင်မှာပါ။
စင်ကာပူကတော့ အားကစားနည်း ၁၁ မျိုးမှာ ကစားသမား ၂၂ ယောက်၊ ဖိလစ်ပိုင်က ကစားနည်း ၁၁ မျိုး အားကစားသမား ၁၉ ယောက်၊ ဗီယက်နမ်ကလည်း အားကစားနည်း ၁၁ မျိုးမှာ ကစားသမား ၁၈ ယောက် ဝင်ပြိုင်မှာပါ။
လာအိုနိုင်ငံက အားကစားနည်း ၃ မျိုးမှာ ကစားသမား ၄ ယောက်၊ မြန်မာက အားကစားနည်း ၃ မျိုးမှာ ကစားသမား ၃ ယောက်၊ ကမ္ဘောဒီးယားက အားကစားနည်း ၂ မျိုး ကစားသမား ၃ ယောက်နဲ့ ဘရူနိုင်းက အားကစားနည်း ၂ မျိုး အားကစားသမား ၂ ယောက်စီ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
မြန်မာနိုင်ငံက ဝင်ပြိုင်ခွင့်ရတဲ့ အားကစားသမား ၃ ဦးကတော့ ကြက်တောင်အားကစားသမား မသက်ထားသူဇာ၊ သေနတ်ပစ်အားကစားသမား ကိုရဲထွန်းနောင်နဲ့ ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေတို့ ဖြစ်ကြပါတယ်။
မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ အုပ်စု (အမ်) မှာ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ ကြက်တောင်မယ်တွေနဲ့ တအုပ်စုတည်းကျနေပြီး အုပ်စု ပထမရသူ တစ်ဦးသာ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။
၃၂ ကြိမ်မြောက် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမားပေါင်း ၁၁၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တိုကျို အိုလံပစ်ပြိုင်ပွဲကို မူလက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်ကနေ ဩဂုတ် ၉ ရက်အထိ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။