ရုရှားတွင် ယာဉ်ထိန်းရဲ ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်း ဖမ်းမိ

အကြီးအကျယ် လာဘ်ငွေယူနေတဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တယောက် ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းကို ဖမ်းထားပြီလို့ ရုရှားအစိုးရက ဇူလိုင် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
သူ့ရဲ့ ဇာဘုရင်ပုံစံ အိမ်ခန်းတွေ ဖိတ်ဖိတ်တောက်နေတဲ့ အဆင်တန်ဆာတွေနဲ့ သန့်စင်ခန်း တို့ပါတဲ့ ဧရာမအိမ်ကြီးရဲ့ ရုပ်ပုံတွေကိုလည်း ရုရှား ရုပ်သံသတင်းတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားတောင်ပိုင်း စတာဗ်ရိုပိုဒေသက ယာဉ်ထိန်းရဲတပ်ဖွဲ့ ဗိုလ်မှူးကြီးတယောက်ကို တခြားလူ ၆ယောက်နဲ့အတူ အကြီးအကျယ် လာဘ်ငွေယူမှု သံသယနဲ့ ဖမ်းထားပြီးပြီလို့ ရုရှရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
အဖမ်းခံအုပ်စုဟာ ဒေသတွင်း ကုန်ကားမောင်းသူတွေကို ယာဉ်ထိန်းရဲ စစ်ဆေးရေး ဂိတ်တွေကို ဖြတ်သန်းရာမှာတောင်မှ ဒေသန္တရအုပ်ချုပ်ရေးဥပဒေတွေကို မလိုက်နာဘဲ နေလို့ ရအောင် ပါမစ် ခွင့်ပြုချက်တွေ ထုတ်ပေးထားပြီး အဲဒီအတွက် အပြန်အလှန်အနေနဲ့ လာဘ်ငွေ အကြီးအကျယ် နှစ်ချီ ယူထားတယ်လို့ ကော်မတီက ပြောပါတယ်။
ဒီအုပ်စုဟာ လာဘ်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၅၀၀၀ နဲ့ ညီမျှတဲ့ ရုရှား ရူဘယ်ငွေ ၁၉ သန်း လက်ခံခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။
သူတို့ အုပ်စုဝင်တွေထဲမှာ စတာဗ်ရိုပိုမြို့က အကြီးတန်း ယာဉ်ထိန်းရဲဟောင်းတဦး၊ ယာဉ်စည်းကမ်း စစ်ဆေးရေးမှူး တဦးနဲ့ တခြား အရပ်သား လေးယောက်လည်း ပါပါတယ်။
စုစုပေါင်း ယာဉ်ထိန်းရဲ အရာရှိ ၃၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရုရှားအစိုးရ လိုလားသူ ယူနိုက်တက်ရုရှားပါတီက အကြီးတန်းလွှတ်တော်အမတ် အလက်ဇန်းဒါး ရှုရှ်တင်က ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ငွေပုံနဲ့ ထူးထူးခြားခြား အလှဆင်ထားတဲ့ အခန်းတွေ တိုင်လုံးတွေ သန့်စင်ခန်းတွေနဲ့ ဘိလိယက်ထိုးတဲ့ ခန်းမ တစ်ခုပါတဲ့ ရဲဗိုလ်မှူးကြီး ပိုင်တယ်ဆိုတဲ့ အိမ်ကြီးရဲ့ ရုပ်ပုံတွေကိုလည်း စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်လွှင့်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲအရာရှိတွေဟာ အဆောက်အအုံ ၈၀ ကို စီးနင်းခဲ့ပြီး ငွေသား အမြောက်အမြား၊ တန်ဖိုးကြီး ကားတွေနဲ့ တခြား စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောခဲ့ပါတယ်။