ဝတ်ပြုကိုးကွယ်နေရာများအပေါ် စစ်တပ်၏တိုက်ခိုက်မှု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အဖွဲ့ ရှုတ်ချ

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်ကြောင်းနဲ့ ဝတ်ပြုကိုးကွယ်ရာ နေရာတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတဲ့ အပေါ်ရှုတ်ချကြောင်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ယုံကြည်မှု မဟာမိတ်အဖွဲ့၀င် ၁၄ နိုင်ငံက ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ကို အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ယုံကြည်မှုမဟာမိတ်အဖွဲ့ဝင် အလ်ဘေးနီးယား၊ ဩစတြေးလျ၊ ကိုလံဘီယာ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဂျော်ဂျီယာ၊ ကိုဆိုဗို၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ ပိုလန်၊ ဆလိုဗေးနီးယား၊ အမေရိကန်နဲ့ ယူကေ ၁၄ နိုင်ငံတို့က လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ စစ်တပ်ရဲ့ကျူးလွန်မှု မတရားခံရသူတွေအတူ တစည်းတလုံး ရှိနေပြီး ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကလို့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုရှုတ်ချဖို့ ဘာသာတရားတွေယုံကြည်သူအားလုံး အတူတကွ ရှိနေကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေကို ကူညီတာ အပါအဝင် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဘာသာကိုးကွယ်ယုံကြည်သူတွေကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး တချို့မှာ စစ်အစိုးရရဲ့ လူမဆန်စွာပြုမူဆက်ဆံတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူတွေကိုလည်း အမြဲအမှတ်ရနေပြီး မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအတွင်း ဘာသာရေး အဆောက်အဦတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ တခြားအရပ်ဘက်အဆောက်အဦတွေကို ကာကွယ်ပေးဖို့နဲ့ ခိုလှုံသူ၊ အကာအကွယ် ရှာသူတွေအားလုံးကို တိုက်ခိုက်တာကိုလည်း ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ ဝတ်ပြုကိုးကွယ်ရာနေရာတွေကို တိုက်ခိုက်တာကို ရှုတ်ချပြီး မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားလုပ်ဆောင်သူအားလုံးကို ထောက်ခံတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကိုတုံ့ပြန်ရာမှာလည်း ဘာသာရေးယုံကြည်သူတွေရဲ့ အခန်းကဏ္ဍနဲ့ စိန်ခေါ်မှုများတဲ့ အခြေအနေမှာ လုပ်ကိုင်နေရတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ချီးကျူးပြီး ကူးစက်ရောဂါကြောင့် သေဆုံးသွားသူအားလုံးကိုလည်း အောက်မေ့ဂါရဝပြုပါကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။