သြစတြေးလျနိုင်ငံသားများ လော့ဒေါင်းချထားမှုကို ဆန့်ကျင်ဆန္ဒပြ

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတိုးလာနေချိန် ပြည်သူ့ကျန်းမာရေးအမိန့်တွေကို ငြင်းဆန်ပြီး ဇူလိုင် ၂၄ ရက် စနေနေ့က ထောင်နဲ့ချီတဲ့ သြစတြေးလျနိုင်ငံသားတွေဟာ လော့ဒေါင်းချတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ အင်အား ၃၀၀၀ ကျော်လောက်ရှိပြီး မျက်နှာဖုံးနှာခေါင်းစည်းအများစု မဝတ်ဆင်ထားကြဘဲ သြစတြေးလျနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ဆစ်ဒနီမြို့တလျှောက် သြစတြေးလျအလံတွေကိုဝှေ့ယမ်းပြီး လွတ်လပ်မှုကိုလိုချင်တယ်လို့ အော်ဟစ်ကြွေးကြော်ရင်း ချီတက်ခဲ့ပါတယ်။
ဆန္ဒပြသူတချို့ မြင်းစီးရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ခံရပြီး ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီဒီယာတွေကို ပန်းအိုးတွေ၊ သုတ်ဆေး၊ မှုတ်ဆေးတွေ၊ ရေပုလင်းတွေနဲ့ ပစ်ပေါက်ကြတာကြောင့် ဆန္ဒပြပွဲဟာ အကြမ်းဖက်မှုအဖြစ်ကို ခပ်မြန်မြန် ကူးပြောင်းသွားပါတယ်။
ဆန္ဒပြမှုမှာ အနည်းဆုံးလူ ၅၇ ယောက်အဖမ်းခံခဲ့ရပြီး နောက်ထပ် အဖမ်းခံရသူတွေ ထပ်ရှိလာဦးမယ်လို့ မျှော်လင့်ရပါတယ်။
ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာလည်း အနည်းဆုံးဒါဇင်ဝက်လောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပြည်သူ့ကျန်းမာရေးအမိန့်တွေ သက်တောင့်သက်သာ ရှိတဲ့ ကွင်းစလန်းပြည်နယ်၊ ဘရစ္စဘိန်းမြို့က ဆန္ဒပြမှုမှာတော့ အဖမ်းခံရသူ တယောက်မှ မရှိပါဘူး။ ဒါပေမဲ့ ရဲတွေဟာ ဗီဒီယိုဖိုင်တွေကို ပြန်သုံးသပ်ပြီး လာမယ့်နေ့တွေမှာ တရားစွဲဆိုနိုင်တယ် လို့ ဆိုပါတယ်။