ဘန်ကောက်မြို့တွင် အသက် ၆၀ ကျော်များကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးနေ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပြတ်လပ်နေချိန်မှာ မြို့တော်ဘန်ကောက်က ဘန်ဆူး ဘူတာရုံမှာ ကာကွယ်ဆေးထိုးပေးတဲ့ ကားတစီး ရောက်လာလို့ ဇူလိုင် ၂၆ ရက်က ထောင်ချီတဲ့လူတွေ ကာကွယ်ဆေး အထိုးခံဖို့ တန်းစီခဲ့ကြပါတယ်။
အသက် ၆၀ နဲ့အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်အလေးချိန် ကီလို တရာကျော်တဲ့ လူတွေကို ရောဂါကူးစက်နိုင်တဲ့ဘေးသင့်နှုန်းမြင့်တတဲ့ အုပ်စုအဖြစ် မှတ်ယူထားပါတယ်။
ထိပ်တန်းဦးစားပေး အုပ်စုကို ကာကွယ်ဆေး ထိုးပေးမယ့် ရက်စွဲက ဇူလိုင် ၃၁ ရက်မှာ အဆုံးသတ်မှာ ဖြစ်ပေမယ့် သက်ကြီးတွေကို ဇူလိုင် ၁၂ ရက်က စပြီး ဦးစားပေး ကာကွယ်ဆေး ထိုးပေးနေပါတယ်။
ခုချိန်ထိ ထိုင်းနိုင်ငံ လူဦးရေရဲ့ ၅ ဒသမ ၆ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးအပြည့် ထိုးပေးနိုင်လို့ အစိုးရဟာ ပြည်သူတွေရဲ့ ဝေဖန် ပြစ်တင်တာကို ခံနေရပါတယ်။
အစိုးရ သတင်းအချက်အလက်တွေအရ ပြည်သူ ၁၈ ဒသမ ၉၄ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးဆေး တကြိမ်းထိုး ပြီးပါပြီ။
အရင်အပတ်ကတော့ မြို့တော်ဘန်ကောက်နဲ့ ကူးစက်ဘေး မြင့်တဲ့ ပြည်နယ် ၁၂ ခု မှာ ပိုတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းကို အာဏာပိုင်တွေက ချမှတ် ခဲ့ပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းအများစုကို ဆိုင်းငံ့ပြီး ညမထွက်ရ နယ်မြေကို တိုးချဲ့ ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တနင်္လာနေ့ တရက်တည်းမှာ အသစ်ကူးစက်ခံ ဦးရေ ၁၅၃၇၆ ယောက်နဲ့ စံချိန်တင်ခဲ့ပြီး ဒါဟာ လူဦးရေ ၆၆သန်း ရှိတဲ့ ထိုင်းနိုင်ငံမှာ ဒုတိယမြောက် တဆက်တည်း စံချိန်သစ်တင်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။