အေသင်မြို့တွင် ကိုဗစ်ကာကွယ်ဆေး ဆန့်ကျင်ဆန္ဒပြသူများကို ရဲက အင်အားသုံးလူစုခွဲ

ဂရိနိုင်ငံ မြို့တော်အေသင်ရဲ့မြို့လယ်မှာ အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူပြည်သူ ထောင်ပေါင်းများစွာကို ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ၊ ရေအမြောက်တွေသုံးပြီး ဇူလိုင် ၂၄ ရက်က လူစုခွဲခဲ့ပါတယ်။
လတ်တလော သီတင်းပတ်တွေမှာ တတိယမြောက် စီတန်းလှည့်လည် ဆန္ဒပြပွဲမှာ မြို့ခံပြည်သူတွေဟာ လွတ်လပ်ရေးလို့ ရေးထားတဲ့ အလံကြီးကို ကိုင်စွဲပြီး ဂရိလွှတ်တော်ဆီကို လူအင်းအား ၄၀၀၀ လောက်နဲ့ ချီတက်ခဲ့ကြပါတယ်။
“ဒါဟာ ကာကွယ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားမှု မဟုတ်ပါဘူး။ ဒီလူတွေဟာ လွတ်လပ်ရေးကို လိုချင်နေသူတွေပါ”လို့ ဆန္ဒပြပွဲကို စီစဉ်တဲ့ ပြန်လည် လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင် ဖိုင်ဒန်ဗိုဗိုလစ်က ပြောပါတယ်။
ဆန္ဒပြသူ လူအုပ်စုတွေဟာ လွှတ်တော်ကို ရောက်ချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ဓာတ်ဆီ ပုလင်းဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ရေအမြောက် တွေနဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်။
“ဆန္ဒပြသူတချို့လည်း အဖမ်းခံရပါတယ်။ အမှိုက်ပုံးတစ်ခုလည်း မီးရှို့ခံရပါတယ်။ ဒါဟာ ဆယ်ရက်အတွင်း တတိယမြောက် ဆန္ဒပြပွဲပါ။ ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ထမ်းတွေနဲ့ သူနာပြု ဂေဟာတွေက ဝန်ထမ်းတွေ မဖြစ်မနေ ကာကွယ်ဆေး ထိုးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာမှာ စမယ့် စာသင်နှစ် မတိုင်မီ အချိန်မီ ဆရာတွေ ကာကွယ်ဆေး ထိုးကြဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါတယ်။
ဂရိပြည်သူ အများစုက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြမယ်”လို့ လတ်တလော စစ်တမ်းတွေက ပြထား ပါတယ်။
မနှစ်က ကပ်ဘေးစချိန်ကနေ ခုထိ ဂရိပြည်သူ ၁၂၈၉၀ ကပ်ရောဂါ ကူးစက်ခံ သေဆုံးခဲ့ပြီးပါပြီ။ ဂရိနိုင်ငံမှာ လူဦးရေ ၁၁ သန်းရဲ့ ၄၅ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့် ထိုးပြီးကြပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။