ချဲလ်ဆီးနှင့် အပြောင်းအရွှေ့သတင်းများ ကောလာဟလသာဖြစ်ဟု ဟာလန်း ဖြေရှင်း

ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ကောလာဟလသာဖြစ်တယ်လို့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ မနှစ်က ဒေါ့မွန်အတွက် ၄၁ ဂိုးအထိ သွင်းယူခဲ့ပြီး ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာပါ။
လတ်တလောမှာတော့ ချဲလ်ဆီးအသင်းက ပေါင်သန်း ၁၅ဝ နဲ့ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။
အသင်းနဲ့အတူ ဆွစ်ဇာလန်မှာ ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ ဟာလန်းက ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေတဲ့အပေါ်မှာ မဟုတ်မှန်ကြောင်း ဖြေရှင်းခဲ့တာပါ။
ဟာလန်းက “ကျနော့်အေးဂျင့်နဲ့ စကားမပြောဖြစ်တာ တလလောက် ရှိပါပြီ။ ဆိုတော့ အဲဒီသတင်းအဖြေကို ခင်ဗျား သိလောက်ပါပြီ။ ပေါင်သန်း ၁၅ဝ ဆိုတာ ကစားသမားတယောက်အတွက် အလွန်များတဲ့ ပြောင်းရွှေ့ကြေးဖြစ်တာကြောင့် ဒါက ကောလာဟလပါပဲ။ ကျနော့်ာချုပ်က ၃ နှစ် ကျန်ပါသေးတယ်။ ဒီအသင်းမှာ ကျနော် ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ကျနော် ရချင်တဲ့ ဆုဖလားတွေ ရဖို့ကလည်း အရေးကြီးတာအမှန်ပါပဲ” လို့ ပြောပါတယ်။
ဟာလန်းဟာ မနှစ်က ဒေါ့မွန်အသင်းနဲ့ ဂျာမန်ပိုကယ်ဖလားတလုံး ရယူနိုင်ခဲ့ပြီး တခြား ဆုဖလားတွေလည်း ရယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။