ထိုင်းတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၆,၀၀၀ ကျော်ဖြင့် ထပ်မံစံချိန်တင်

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၆,၅၃၃ ယောက်နဲ့ ထပ်မံပြီးတော့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး သေဆုံးသူ ၁၃၃ ယောက် ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁၅,၀၀၀ ကျော်နဲ့ စံချိန်တင်ထားခဲ့ပြီး ဒီနေ့မှာတော့ ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကူးစက်မှုအသစ်တွေထဲ ၂၀၂ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲကဖြစ်ပြီး ကိုဗစ်-၁၉ တတိယလှိုင်း စတင်ချိန် ဧပြီ ၁ ရက်နေ့ကတည်းက ရောဂါကူးစက်ခံရသူ ပေါင်း ၅ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ကတော့ ၅၄၃,၃၆၁ ယောက်နဲ့ သေဆုံးသူ စုစုပေါင်း ၄,၃၉၇ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Worldometer အင်တာနက်စာမျက်နှာပေါ်မှာတော့ လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၉၆ သန်းနီးပါး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေထဲက ၁၇၇ ဒသမ ၆၇ သန်းကတော့ ရောဂါ ပြန်လည်ပျောက်ကင်းသက်သာလာပြီး သေဆုံးသူပေါင်း ၄ ဒသမ ၁၉ သန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၄၅ မှာ ရှိနေပြီး သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။