close

အိန္ဒိယနိုင်ငံ အာသံနှင့်မီဇိုရမ် ပြည်နယ်နယ်စပ်တွင် ပဋိပက္ခဖြစ်ပွားပြီး လူ ၇ ယောက် သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံနဲ့ မီဇိုရမ် ပြည်နယ် ၂ ခုကြား နယ်စပ်မှာ အရင်လက စတဲ့ အခြေအနေ တင်းမာမှုက ပိုဆိုးလာပြီး ဇူလိုင် ၂၆ ရက်မှာ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရဲအရာရှိ ၆ ယောက်အပါအဝင် လူ ၇ ယောက်ထက်မနည်း အသတ်ခံရပြီး လူအယောက် ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်း နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က ဥပဒေ ဆန့်ကျင်သူတွေက သေနတ်နဲ့ပစ်ခတ်ချိန်မှာ အာသံနဲ့ မီဇိုရမ် နယ်စပ်တလျှောက်က ရဲတပ်ဖွဲ့ဝင် ၆ ယောက်နဲ့ အရပ်သား ၁ ယောက် အသက်ဆုံးရှုံးခဲ့တယ်လို့ အာသံပြည်နယ် ဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနဆီ ကြေညာချက် ပေးပို့ခဲ့တာပါ။

အာသံရဲတွေက တောင်ထူထပ်တဲ့ လိုင်လာပူရ်ဒေသကို ထိန်းချုပ်ထားတယ်လို့ စွပ်စွဲခံရသလို မီဇိုရမ်ကလည်း ပိုင်နက်ကို ကျူးကျော်ထိပါးတယ်လို့ စွပ်စွဲခဲ့တာပါ။

အာသံနဲ့ အိမ်နီးချင်းပြည်နယ်တွေကြား ဒေသတွင်းက ပြည်နယ် နယ်စပ်တွေနဲ့ ပတ်သက်တဲ့ ကာလကြာရှည် အငြင်းပွားမှုတွေကို ဒီအကြမ်းဖက်မှုက ထင်ရှားစေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

မီဇိုရမ် ပြည်ထဲရေးဝန်ကြီးကလည်း အာသံရဲတွေက မီဇိုရမ်ပြည်နယ်ပိုင်နက်ကို ထိပါး ကျူးကျော်ခဲ့လို့ တနင်္လာနေ့က အကြမ်းဖက်မှု စခဲ့တာဖြစ်ပြီး နှစ်ဘက်စလုံးက အသေအပျောက်တွေဟာ ဝမ်းနည်းစရာပဲလို့လည်း သူက ပြောပါတယ်။

အကြမ်းဖက်မှုအတွက် အာသံနဲ့ မီဇိုရမ် ပြည်နယ်ခေါင်းဆောင် နှစ်ယောက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပြီး ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ကြားဝင် ဆုံးဖြတ်ပေးဖို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ မေတ္တာရပ်ခံခဲ့ကြပါတယ်။

အိန္ဒိယ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးက နိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ် ၇ ခုက ဝန်ကြီးချုပ်တွေနဲ့ တွေ့ပြီး ၂ ရက်အကြာမှာ ဒီအကြမ်းဖက်မှု ပေါ်ပေါက်ခဲ့တာပါ။

နယ်စပ်အရေး ဖြေရှင်းကြဖို့ အခင်းဖြစ်ရာ ပြည်နယ် ဝန်ကြီးချုပ် ၂ ယောက်ကို ရှားက ပြောခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up