အမေရိကန်နှင့်ဗီယက်နမ် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော့စတင်ဟာ ဗီယက်နမ်နဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ဗီယက်နမ်ကို ဇူလိုင် ၂၉ ရက်မှာ ရောက်နေပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လှုပ်ရှားမှုတွေကြောင့် တပ်လှန့်သံတွေကို ပိုများလာနေလို့ အမေရိကန်ရော ဗီယက်နမ်ပါ စောင့်ကြည့်နေရင်း လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးလည်း ဖြည်းဖြည်းချင်း နက်ရှိုင်းလာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
၁၉၇၅ မှာ ဗီယက်နမ် စစ်ပွဲအဆုံးသတ်အပြီး နှစ်လေးဆယ်ကျော်အကြာမှာ စစ်ရေးဆိုင်ရာ ဆက်ဆံရေး ပိုနီးကပ်လာပါတယ်။
ဒါပေမယ့် ဗီယက်နမ်အစိုးရက လူ့အခွင့်အရေး နယ်ပယ်မှာ တိုးတက်မလာမချင်း ဆက်ဆံရေးကို ကန့်သတ်ထားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက ပြောထားပါတယ်။
ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ပိုင်နက်ကြေညာချက်ကို အကျယ်လောင်ဆုံး ဆန့်ကျင်တဲ့နိုင်ငံ ဖြစ်လာခဲ့တာပါ။
ကမ်းရိုးတန်းစောင့် သင်္ဘောတွေအပါအဝင် အမေရိကန်ဆီက အကြီးစား စစ်လက်နက်ပစ္စည်းတွေကိုလည်း ရထားပါတယ်။
ဟနွိုင်းမှာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးနဲ့ အစည်းအဝေးမတိုင်ခင်မှာ အော်စတင်က အမေရိကန်ဟာ ဗီယက်နမ်ကို နိုင်ငံတွေ ကြားမှာ ရွေးချယ်ဖို့ မပြောထားဘူးလို့ ပြောပါတယ်။
သူက တရုတ်နိုင်ငံကိုတော့ ရည်ညွှန်းပြောဆိုတာ မလုပ်ခဲ့ပါဘူး။ အမေရိကန်ဟာ ဗီယက်နမ်ဆီကို မိုဒါနာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေး လုံးရေ ၃သန်းကို ဇူလိုင် ၂၅ ရက်က ပေးပို့ခဲ့ပါတယ်။