အမေရိကန်၊ ပိုလန်နှင့် လစ်သူအေးနီးယားနိုင်ငံများနှင့်အတူ ယူကရိန်းစစ်တပ် စစ်ရေးလေ့ကျင့်

ယူကရိန်းစစ်တပ်ဟာ ဇူလိုင် ၂၇ ရက်က အမေရိကန်၊ ပိုလန်နဲ့ လစ်သူအေးနီးယားနိုင်ငံတွေနဲ့အတူ အကြီးစား စစ်ရေး လေ့ကျင့်မှု အစိတ်အပိုင်းအဖြစ် စစ်သည်အင်အား ၁၂၀၀ ကျော်နဲ့ တိုက်ခိုက်ရေးယာဉ် အစီး ၂၀၀ ကျော် ပါဝင်တဲ့ Three Swords-2021 လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ပါတယ်။
ရဟတ်ယာဉ်တွေက လေကြောင်းအထောက်အပံ့ပေးနေပြီး သံချပ်ကာကားတွေက လယ်ကွင်းတွေထဲ မောင်းနှင်ရင်း စစ်သည်တွေကတော့ ရန်သူပစ်မှတ်တွေကို ပစ်ခတ်ခဲ့ကြပါတယ်။
ဇူလိုင် ၁၇ ရက်ကနေ ၃၀ ရက်အတွင်း လစ်ဗီယက်ဒေသအတွင်း ယာဗိုးရီးယွတ် သင်တန်း မြေပြင်မှာ လေ့ကျင့်တာပါ။
သတင်းစာရှင်းလင်းပွဲမှာ “ဗျူဟာမြောက် လေ့ကျင့်ခန်း တော်တော်များများကို မြင်ရပြီးပြီ။ ရန်လိုမှုကို ပူးတွဲ တန်ပြန်ရေး ကျနော်တို့ မိတ်ဖက်တွေရဲ့ အဆင်သင့်ဖြစ်မှုနဲ့ ကြိုတင်ပြင်ဆင်မှု အဆင့်မြင့်ကြောင်း သူတို့က ပြခဲ့ကြတယ်”လို့ ယူကရိန်း လေကြောင်းတိုက်ခိုက်ရေးတပ်ရဲ့ တပ်မှူးက ပြောပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေး သဘောတူညီမှု မဟာမိတ်အဖွဲ့ နေတိုးနဲ့ ရုရှားအစိုးရကြား တင်းမာမှု တိုးလာချိန်မှာ စစ်ရေး လေ့ကျင့်ခဲ့တာပါ။
ခရိုင်းမီးယား ကမ်းရိုးတန်းရဲ့ ပင်လယ်နက် ကမ်းလွန်ရေပြင်ကနေ ဗြိတိန် စစ်သင်္ဘောတစီးကို မောင်းထုတ်ဖို့ သတိပေး ပစ်ခတ်တာတွေ၊ ဗုံးကြဲချတာတွေ လုပ်ခဲ့တယ်လို့ ရုရှားအစိုးရက ဇွန်လထဲမှာ ပြောပါတယ်။
ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို သိမ်းယူအပြီး ယူကရိန်းအရှေ့ဘက် ဒွန်ဘက်စ်ဒေသက ပဋိပက္ခအတွင်း ခွဲထွက်ရေးသမားတွေအတွက် ရုရှားက ထောက်ပံ့ပေးခဲ့လို့ ယူကရိန်းနဲ့ ရုရှား အစိုးရတို့ကြား ဆက်ဆံရေး ကျဆင်းခဲ့တာပါ။
ယူကရိန်းဟာ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်တဲ့ Sea Breeze စစ်ရေးလေ့ကျင့်မှုကို ရုရှားက ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပေမဲ့ အမေရိကန်နဲ့အတူ ဇွန်လတုန်းက ပင်လယ်နက်နဲ့ ယူကရိန်း တောင်ပိုင်းဒေသ ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။