ဘန်ကောက်မြို့ရှိ ဘုရားကျောင်းများတွင် ဘုန်းတော်ကြီးများကို ကိုဗစ်ကာကွယ်ဆေးစထိုးပေး

ထိုင်းနိုင်ငံဟာ ဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးကွဲ ပျံ့နှံ့မြန်မှုကြောင့် လတ်တလော ကူးစက်မှု များမြင့်တက်လာနေတာကို နှိမ်နင်းနေရပြီး ဇူလိုင် ၃၀ ရက်မှာ ဘန်ကောက်ရှိ ဘုရား ကျောင်းတွေမှာ ဘုန်းတော်ကြီးတွေနဲ့ တခြားလူတွေအတွက် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် သစ်ကို စတင်ခဲ့ပါတယ်။
ဒီကနေ့ အစီအစဉ်မှာ ထွန်းဘူရီမြို့ဧရိယာက ဘုရားကျောင်းတွေမှာ ရှိကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကပ္ပိယတွေ၊ ထမင်းချက်တွေနဲ့ လူပေါင်း ၆၀၀ လောက်ကို ကာကွယ်ဆေးထိုးဖို့ ဖိတ်ကြားထားတယ်လို့ ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ တခြားဒေသတွေဆီ ဆေးမဖြန့်ရသေးခင် ထိုင်းနိုင်ငံမြို့တော်ရှိ ဘုရားကျောင်း ၂၂၁ ကျောင်းကို AstraZeneca ကာကွယ်ဆေးတွေ ပံ့ပိုးပေးဖို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းအစိုးရဟာ ဒီနေ့အမေရိကန်အစိုးရမှ လှူဒါန်းတဲ့ Pfizer ကာကွယ်ဆေးပေါင်း ၁ ဒသမ ၅ သန်းကို လက်ခံရရှိထားပြီး ပြီးခဲ့တဲ့လက ကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်လိုက်ကတည်းက နှောင့်နှေးမှုတွေ ကြုံခဲ့ရလို့ အခုထိ Sinovac နဲ့ AstraZeneca ကာကွယ်ဆေးတွေကို မှီခိုနေရပါတယ်။
လူဦးရေ ၆၆ သန်းရှိတဲ့ ထိုင်းနိုင်ငံမှာ ခုထိ ၅ ဒသမ ၆ ရာခိုင်နှုန်းသာလျှင် ကာကွယ်ဆေး အပြည့်အဝ ထိုးထားရပါသေးတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းအဖွဲ့ဟာ ဇူလိုင် ၃၀ ရက်မှာ ကူးစက်မှု ၁၇,၃၄၅ ခုနဲ့ သေဆုံးမှုအသစ် ၁၁၇ ခုရှိတယ်လို့ အစီရင်ခံထားပါတယ်။