အင်္ဂလန်တွင် မန်စီးတီးက အကောင်းဆုံးအသင်းဖြစ်ကြောင်း ကစားသမားသစ် ဂရေးလစ်ရှ် ပြော

မန်စီးတီးအသင်းဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ကစားသမားသစ် ဂျက်ဂရေးလစ်ရှ်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် မန်စီးတီးက ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် ပေါင်သန်း ၁၀၀ ပေးချေပြီး ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
စာချုပ်ချုပ်ဆိုအပြီးမှာတော့ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ ဂရေးလစ်ရှ်က ပြောပါတယ်။
“မန်စီးတီးဆီပြောင်း ရွှေ့ခွင့်ရလို့ အတိုင်းမသိပျော်ရွှင်ရပါတယ်။ စီးတီးက အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်သလို နည်းပြကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ဆိုပါတယ်။ ဒီလိုအသင်းရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ခွင့်ရခဲ့လို့ ကျနော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကိုကြည့်ရင် စီးတီးက အဓိကဆုဖလားတွေ စဉ်ဆက်မပျက်ရယူနိုင်ခဲ့ပါတယ်။ နည်းပြ ပက်ခ်ရောက်ရှိလာပြီးနောက် အသင်းကို နောက်တစ်ဆင့်မြှင်တင်ပေးခဲ့သလို ကစားပုံကလည်း ဥရောပအသင်းတွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအသင်းဖြစ်လာခဲ့ပါတယ်။”
ဒါ့အပြင် နည်းပြ ပတ်ခ်ဂွါဒီယိုလာဆီမှာ သင်ယူလေ့လာမှုတွေ လုပ်ဆောင်ရင်း အသင်းအတွက် ပွဲထွက်ကစားဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေပြီလို့လည်း ဂရေးလစ်ရှ်က ပြောပါတယ်။