အမေရိကန်က မြန်မာကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ ထောက်ပံ့

ဒီနှစ်အစောပိုင်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ်ဖြစ်မှုတွေ၊ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးလာတဲ့ မြန်မာနိုင်ငံကို ဒေါ်လာသန်း ၅၀ ကျော် အကူအညီပေးထားတယ်လို့ အမေရိကန်က ဩဂုတ် ၁၀ ရက်နေ့မှာ ကြေညာပါတယ်။
အမေရိကန်ဟာ ထိုင်းနိုင်ငံကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ ဒေါ်လာ ၅ သန်းထောက်ပံ့ပေးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ကြေညာချက်မှာ ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဒီရန်ပုံငွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အမေရိကန်ရဲ့ရန်ပုံငွေဟာ အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသူတွေကို ကူညီလိမ့်မှာဖြစ်သလို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ရေတို့လို မရှိမဖြစ် လိုအပ်ချက်တွေအပြင် အုပ်စုတွေကို ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုတွေ စီစဉ်ဖြည့်ဆည်းဖို့ ကူညီသွားမယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီရန်ပုံငွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေမြင့်တက်နေပြီး အရေးကြီးနေတဲ့ ထိုင်းနဲ့မြန်မာ ၂ နိုင်ငံစလုံးက ပြည်သူတွေအပေါ် ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေကို လျော့ပါးဖို့ ကူညီပေးလိမ့်မယ်လို့လည်း ပရိုက်စ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပြီးမှာ မြန်မာပြည်သူတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြေးနေရဆဲပဲလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ခြောက်လအကြာမှာ မြန်မာ့စီးပွားရေး ပြိုလဲသွားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ ကျန်းမာရေးစနစ်လည်း ကျဆင်းသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး နေ့စဉ်ကူးစက်မှုအသစ် ၃,၈၂၄ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ ပျမ်းမျှအရေအတွက်က အမြင့်ဆုံးကို ရောက်ရှိနေပြီး နေ့စဉ်ရောဂါကူးစက်ခံရသူ ၂၀,၄၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။