ကာကွယ်ဆေးအပြည့်ထိုးပြီးသား အမေရိကန်နိုင်ငံသား ခရီးသည်များကို ကနေဒါ ဝင်ခွင့်ပြု

ကနေဒါအစိုးရက အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသား အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေကို ၁၆ လအတွင်း ပထမဆုံးအနေနဲ့ နယ်စပ်တံခါးဖွင့်ပြီး ဝင်ခွင့်ပြုလိုက်ပါတယ်။
ဒါကြောင့် ကနေဒါ အမေရိကန် နယ်စပ်မှာ ယာဉ်ကြောနှေးကွေးခဲ့တယ်လို့ သြဂုတ် ၁၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ခရီးအသွားအလာ စည်ကားတဲ့ နွေရာသီမှာ ခရီးသည်တွေ မြောက်ဘက်ကို အမြန်စုပြုံသွားခဲ့လို့ ခုလို ဖြစ်တာလို့ ဆိုပါတယ်။
ကနေဒါဘက်က အွန်တေရီအိုပြည်နယ် ဖရန့်စ်ခံတပ်နဲ့ အမေရိကန်ဘက်က မင်နီဆိုးတားပြည်နယ် International Falls က နယ်စပ်ဖြတ်ကူးရေး ဂိတ်အတွက် ၇ နာရီကြာ စောင့်ခဲ့ရပြီး ရှားရှားပါးပါး နှောင့်နှေးခဲ့တဲ့ အတွေ့အကြုံလို့ ခရီးသွားတွေက လူမှုကွန်ရက်တွေကနေ ပြောခဲ့ကြပါတယ်။
အမေရိကန် နယူးယောက်ပြည်နယ်နဲ့ မိန်းပြည်နယ်ကြားက နယူးဘရန်းစ်ဝစ်ခ်မြို့နဲ့ အွန်တေရီအို ပြည်နယ်ကြားက နယ်စပ်ဖြတ်စခန်း အတော်များများမှာတော့ ၃ နာရီကြာ စောင့်ခဲ့ရတာပါ။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကနေဒါဟာ အမေရိကန်က အပျော်ခရီးသွားအားလုံးကို မတ်လ ၂၀၂၀ ကစပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
အမေရိကန်က ကာကွယ်ဆေးအပြည့်ထိုးပြီးသားလူတွေကိုတော့ သြဂုတ် ၉ ရက်ကစပြီး ကနေဒါနိုင်ငံထဲကို ဝင်ခွင့်ပေးခဲ့ပါတယ်။
ကာကွယ်ဆေးအပြည့်ထိုးပြီးသား နိုင်ငံတကာ ခရီးသည်တွေကိုတော့ စက်တင်ဘာ အစောပိုင်းက စပြီး ကနေဒါနိုင်ငံထဲ ဝင်ခွင့်ပေးမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။