close

ကဘူးလ်လေဆိပ်မှထွက်လာသည့် အမေရိကန်လေတပ်လေယာဉ်ပေါ်မှ အရာဝတ္ထုများ ပြုတ်ကျ

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်လေဆိပ်ကနေ  ထွက်ခွာအပြီး လေထဲမှာ ပျံသန်းနေတဲ့ အမေရိကန်လေတပ် လေယာဉ်ပေါ်ကနေ အရာဝတ္ထုတွေ ပြုတ်ကျလာတာကို သြဂုတ်  ၁၆ ရက်မှာ တွေ့ရပါတယ်။

လေယာဉ်ပေါ်ကနေ ပြုတ်ကျလာတာ ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ ရုပ်သံထဲမှာ မြင်ရတဲ့ လေယာဉ်အင်ဂျင်၊ ကိုယ်ထည်၊ ပုံပန်းသဏ္ဍာန်နဲ့ အရောင်အဆင်း အရ ဒီလေယာဉ်ဟာ ကဘူးလ်လေဆိပ်မှာ လူတွေ အတော်များများ တွယ်တက်နေတဲ့ အမေရိကန်လေတပ် လေယာဉ်နဲ့ ဆင်တူနေပါတယ်။

လေယာဉ်အပြင်ကနေ တွယ်တက်ပြီး လိုက်တဲ့ လူတချို့ လေယာဉ် ပျံသန်းချိန်မှာ ပြုတ်ကျသေဆုံးခဲ့တယ်လို့လည်း ဒေသခံသတင်းဌာန အဲ့စ်ဗာကာက ထုတ်လွှင့်ပေမဲ့ ဒီသတင်းကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မရှိပါဘူး။

တာလီဘန်တွေ မြို့ကို သိမ်းပိုက်အပြီး ကဘူးလ်လေဆိပ်ကတဆင့် အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ပြေးဖို့ ထောင်ချီတဲ့ အရပ်သားတွေ ကြိုးစားခဲ့ကြတာပါ။ ဒါကြောင့် အမေရိကန် စစ်တပ်က လူတွေဘေးကင်းရာ ရွှေ့ပြောင်းရေး အစီအစဉ်တွေကို ဆိုင်းငံ့ခဲ့ရပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံထဲကနေ အမေရိကန်စစ်တပ် ပြန်ဆုတ်ခွာတဲ့ ဆုံးဖြတ်ချက်အတွက် ပြည်တွင်းမှာ ဝေဖန်မှု မြင့်တက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up