ဂျပန်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် စီရင်စုနယ်မြေ ၇ ခုကို အရေးပေါ်အခြေအနေ ထပ်တိုး

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အစိုးရက မြို့တော်တိုကျို အပါအဝင် စီရင်စုနယ်မြေ ၇ ခုကို အရေးပေါ်အခြေအနေ ထပ်တိုးကြေညာလိုက်ပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့ အရေးပေါ်ကာလကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ထိ တိုးမြှင့်သတ်မှတ်သွားမှာဖြစ်ကာ အရေးပေါ်အစီအစဉ်သစ်အရ စီးပွားရေးလုပ်ငန်းကြီးတွေမှာ လူဦးရေလျှော့ချဖို့နဲ့ မလိုက်နာပါက အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အရေးပေါ် အခြေအနေ ထပ်တိုးကြေညာထားတဲ့ စီရင်စုနယ်မြေ ၇ ခုမှာတော့ အိဘရာကိ၊ တိုချိဂီ၊ ဂန်မာ၊ ရှီဇူအိုကာ၊ ကျိုတို၊ ဟျိုဂိုနဲ့ ဖူကူအိုကာတို့ ပါဝင်ပြီး နဂိုမူလက အရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လကုန်ထိ ကြေညာထားခဲ့တဲ့ မြို့တော်တိုကျိုနဲ့ တခြားစီရင်စုနယ်မြေတွေကိုပါ ထပ်တိုးအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လတ်တလောအချိန်ထိ ဂျပန်နိုင်ငံ စီရင်စုနယ်မြေ ၄၇ ခုထဲမှာ ၂၉ ခုက ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကြေညာထားရတာမို့ စီရင်စုနယ်မြေတွေရဲ့ ၆၀ ရာခိုင် နှုန်း ရှိလာခဲ့တာပါ။
ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်တွေထဲမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေမှာ လည်း စားသောက်ခွင့်ပြု လူဦးရေ ထိန်းချုပ်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူ တွေအနေနဲ့လည်း အပြင်ထွက်သွားလာမှုတွေကို လျှော့ချဖို့ သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ နေ့စဉ် ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ၂၀,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်လာခဲ့ကာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ပေါင်း ၁ ဒသ မ ၁ သန်းကျော်၊ သေဆုံးသူ ၁၅၀၀၀ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။