ဝက်လက်မြို့နယ်၊ မြင်းသည်ရွာကို စစ်တပ်ကဝင်စီး၊ အိမ်နှင့်ဆိုင်များကို ဖျက်ဆီး ဖိနပ်ပါမကျန် ယူသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မြင်းသည်ရွာမှာ ဩဂုတ် ၁၈ ရက်ညနေပိုင်းက အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ်နဲ့ ရွာသား ၃ ဦးရဲ့ ဈေးဆိုင်တွေကို စစ်တပ်က ဖျက်ဆီး ဝင်ရောက်ပြီး ဆိုင်ကပစ္စည်းတွေကိုလည်း ဖိနပ်ပါမကျန်ယူသွားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံရွာသား တစ်ဦးက “NLD အစိုးရလက်ထက်က တာဝန်ထမ်းခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းရဲ့သမီး ဓာတ်ဆီဆိုင်ကို အရင်ဝင်ပြီး ဖျက်ဆီးတယ်။ ဆိုင်က ကောင်လေးတွေ ခေါ်လာပြီး အုပ်မှူးဟောင်းအိမ်ကို လိုက်ပို့ ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးဟောင်း ဦးကြည်ဝင်းရဲ့နေအိမ်ကိုဝင်ပြီး ဆန်၊ဆီအပြင် အိမ်ဈေးဆိုင်က ဖိနပ်ပါ မကျန် ပစ္စည်းတွေ အကုန်တင်ယူသွားကြတယ်။ နောက်ထပ်ကိုအောင်နိုင်ဝင်းဆိုင်ကို ဝင်ရှာလို့ ဘာမှ မတွေ့တော့ ဆိုင်ကိုဖျက်ဆီးသွားကြတယ်။ ကိုမင်းမင်းစားသောက်ဆိုင်ကို ထပ်ဝင်ပြီး TV မီးအားမြင့်စက်၊ ငွေသားစုဘူးနှစ်ဘူး အရက်ဖာ၊ဘီယာဖာတွေနဲ့ အဝတ်အစားတွေ အားလုံး ယူသွားကြပြီး ခေါက်ဆွဲကြော်တဲ့ဒယ်အိုးပါတင်ယူသွားကြတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် တောကပြန်လာတဲ့ ရွာသား နှစ်ယောက်ကိုလည်း စစ်တပ်ကခေါ်ကာ ဆိုင်ထဲက ပစ္စည်းတွေ သယ်တင်ခိုင်းခဲ့ပြီး ပစ္စည်း သယ်တင်ပေးသူ နှစ်ဦးကိုလည်း အေးအေးဆေးဆေးဖို့နဲ့ ရှုပ်ရင်တစ်ရွားလုံး မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ကြိမ်းမောင်းသွားခဲ့တဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အိမ်စီးကားတွေ အသုံးပြုပြီး မြင်းသည်ရွာနဲ့ မနီးမဝေးကနေ စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းက မြင်းသည်ကျေးရွာဟာ စစ်တပ်စွဲထားတဲ့ပလိုင်းရွာနဲ့ ၅ မိုင်ခန့်လောက်သာ ကွာဝေးပြီး ရွှေဘို၊ အရာတော် ၊ဝက်လက် သုံးမြို့နယ်ချုပ်စပ်မှာ တည်ရှိကာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီး တစ်ရွာလည်း ဖြစ်ပါတယ်။