အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အာဂျင်တီးနားတဝန်း ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံတဝန်း အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့နဲ့ ပိုကောင်းတဲ့ အိမ်ရာတွေတည်ဆောက်ပေးဖို့ ထောင်ချီတဲ့ပြည်သူတွေ သြဂုတ် ၁၈ ရက်က တောင်းဆို ဆန္ဒပြကြပါတယ်။
လက်ဝဲယိမ်း အလုပ်သမားပါတီနဲ့ မိတ်ဖက်ဖြစ်တဲ့ ပိုလိုအိုဘရီရို လူမှုအဖွဲ့အစည်းက ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းတွေပါတဲ့ အုပ်စုက ချီတက်ပွဲကို စီစဉ်ခဲ့တာပါ။
ပြည်နယ် ၂၂ ခုက မတူတဲ့နေရာ ၁၀၀ လောက်မှာ ပြည်လုံးကျွတ် ဆန္ဒပြပွဲကို လူ အယောက် ၇၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့လို့ ဒါဟာ ကြီးမားတဲ့ လှုပ်ရှားမှုပဲလို့ ပိုလို အိုဘရီရို အဖွဲ့ခေါင်းဆောင် အက်ဒွါဒို ဘဲလီဘိုနီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လူမှုရေး အစီအစဉ်တွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ အိမ်ခြေမဲ့တွေ အတွက် အခမဲ့ စားစရာအလှူအတွက် အထောက်အပံ့တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။