close

ရခိုင်ပြည်နယ်တွင် ကျေးရွာများကို စစ်တပ်က ဝင်ရောက်စစ်ဆေးနေသဖြင့် ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ကျေးရွာတွေမှာ သြဂုတ် ၁၇ ရက်ကစတင်ပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာကာ ဒေသခံတွေကို စစ်ဆေးမေးမြန်းနေတာကြောင့် ဒေသခံတချို့မှာ စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

နတ်မော်ကျေးရွာသားတစ်ဦးက  “အခုက စစ်တပ်ကနေပြီးတော့ ကျနော်တို့ကျေးရွာတွေဘက်ကို အင်အားအလုံးအရင်းဝင်လာကြတာပေါ့။ စစ်သား ၃၀/၄၀ နဲ့လာတဲ့ခါလည်း ရှိသလို တခါတလေဆိုရင် စစ်ကား ၃/၄ စီးနဲ့ဝင်လာတဲ့ အခါလည်းရှိတယ်။ ကျနော်တို့ရွာတွေဆိုတာက စစ်တပ်နဲ့ ကျွမ်းဝင်တဲ့ရွာတွေမဟုတ်ဘူးလေ။ အခုအချိန်မှ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ဝင်ထွက်ပြီးတော့ ဟိုလူကို မသင်္ကာလို့ မေးသလို၊ ဒီလူ့ကိုမသင်္ကာလို့ မေးသလိုကျတော့ တချို့ လည်းကြောက်ပြီးတော့ တိမ်းရှောင်ရတာတွေရှိတယ်။ ကျနော်တို့စိုးရိမ်တာက စစ်တပ်ကအရင် ဒီလိုမျိုးဝင်ထွက်တာတွေလည်း မရှိဘူးပေါ့။ အခုအချိန်မှာ ဒီလိုမျိုးဝင်ထွက်သွားလာနေပြီးတော့ ဘာအကြောင်းကြောင့် သွားလာနေတာလည်းဆိုကိုလည်း တိတိကျကျမသိရဘူး။ ဒီအပေါ်မှာ တိုက်ပွဲတွေဖြစ်လာမှာလားဆိုပြီးတော့လည်း ဒေသခံတွေက စိုးရိမ်နေကြတာပေါ့”လို့ ပြောပါတယ်။

အခုလို စစ်တပ်ကကျေးရွာတွေကို အင်အားအလုံးအရင်းဝင်ရောက်လာပြီး ကျေးရွာနေသူ လူငယ်တချို့ကိုလည်း စစ်ဆေးမေးမြန်းနေသလို လက်ရှိအချိန်မှာလည်း ကျေးရွာနားမှာ စစ်တပ်က ဝိုင်းထားပြီးစောင့်ကြည့်နေတယ်လို့ ကင်းတောင်ကျေးရွာနေ ဒေသခံကပြောပါတယ်။

ကင်းတောင်ကျေးရွာသားတစ်ဦး  “ကင်းတောင်ရွာကို ၁၇ ရက်နေ့က စစ်သားအယောက် ၄၀ လောက်ရောက်လာတယ်။ ရွာကိုဝင်လာပြီးတော့ ရွာနားတဝိုက်မှာ ကင်းပုန်းတွေချပြီးတော့ စောင့်ကြည့်နေတာရှိတယ်။ နောက်ကင်းတောင်ရဲ့အထက်ဘက် ကျောက်မောင်နှမ၊ ကိုင်းချောက် တောင်၊ ကြက်ကိုင်းတို့ရွာတွေမှာလည်း စစ်ကြောင်းပုံစံမျိုးတွေ သွားလာနေကြတာတွေရှိတယ်။ ကျောက်မောင်နှမရွာက ကလေးတစ်ယောက်ကိုတော့ စစ်ဆေးတာတွေရှိတယ်လို့ သိရတယ်။ ဒီလိုစစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ကျနော်တို့ဒေသခံတွေမှာ တအား စိုးရိမ်ထိတ်လန့်မှုတွေရှိလာနေကြတာပေါ့”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှု မရှိတာဟာ ၁၀ လဝန်းကျင်ရှိလာ ပြီးနောက် ရခိုင်မှာ စစ်တပ်က အင်အားတိုးချဲ့ချတာတွေ ရှိလာနေတာပါ။

မြို့ပေါ်တွေမှာလည်း လုံခြုံရေးချထားကာ စစ်ဆေးတာတွေရှိနေသလို ညဘက်တွေမှာလည်း ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာတွေ ရှိလာနေတာကြောင့် ဒေသခံတွေမှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up