တောင်တွင်းကြီးတွင် ပြည်သူ ၃ ဦးထပ်မံဖမ်းဆီးခံရ၊ စုစုပေါင်း ၂၀ ကျော်ရှိလာ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ကွက်နေ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၁၉ ရက်နေ့ည ၁၂ နာရီဝန်းကျင်လောက် နေအိမ်အသီးသီးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ တောင်ပြင် (၁) ရပ်ကွက် နဲ့ တောင်ပြင် (၂) ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ကိုလှဝင်းအောင် (ခေါ်) ကိုဆင်ကြီး၊ ကိုဝင်းထွဋ်ငြိမ်း (ခေါ်) ကိုကြက်ဖကြီး နဲ့ ကိုမင်းခိုင် တို့ဖြစ်တယ်လို့ သိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “ညကဖမ်းသွားတာ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မသိရသေးဘူး။ နှိပ်စက်ခံရမှာတော့ သေချာတယ်။ စစ်ကောင်စီလက်ထက်မှ ပြည်သူတွေ ဘဝတွေက မလုံခြုံတော့တဲ့အပြင် တချို့ မိသားစုတွေဆိုရင် ဘဝတွေပါပျက်ကုန်ပြီ။ ပြည်သူတွေကို လက်နက်အားကိုးပြီး နိုင့်ထက်စီးနင်း အရမ်းဒုက္ခပေးတဲ့ စစ်တပ်ပါပဲ” လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ သြဂုတ် ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်တွေက မတရားဖမ်းဆီးခဲ့တဲ့ ပြည်သူ ၂၀ ထက်မနည်းရှိနေပြီး မြို့နယ်ခန်းမ စစ်ကြောရေးစခန်းမှာ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ် ဗိုလ်မှူးသက်ခိုင်ဝင်း ဦးဆောင်တဲ့အဖွဲ့က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။