အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းဝင်ရောက်လာသူများကို ဂရိနှင့် တူရကီ စောင့်ကြည့်

အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ထားတာကြောင့် ဥရောပကို ရွှေ့ပြောင်းနေထိုင်သူတွေ စီးဝင်မှုက ပိုများပြားလာဖို့ ဦးတည်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြားမှာ ဂရိနိုင်ငံက တူရကီနဲ့ နယ်စပ်မှာ သဘာဝခြံစည်းရိုး ကီလိုမီတာ ၄၀ တည်ဆောက်ပြီးသွားပြီလို့ သြဂုတ် ၂၀ ရက်က ပြောကြားခဲ့ပြီး စောင့်ကြည့်ရေးစနစ်သစ်တစ်ခုလည်း ထားရှိတယ်လို့ ဆိုပါတယ်။
အာဖဂန်နစ္စတန်ရဲ့ ပဋိပက္ခဟာ ၂၀၁၅ ဒုက္ခသည်အကျပ်အတည်းကို တကျော့ပြန်ကြုံရမှာကို ကြောက်လန့်နေရတဲ့ ဥရောပကို ထပ်ပြီးစိုးရိမ်နေရပါတယ်။
အဲဒီတုန်းကလည်း အရှေ့အလယ်ပိုင်းနဲ့ တခြားနေရာတွေက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ လူ ၁ သန်းနီးပါးဟာ တခြားအီးယူနိုင်ငံတွေကို မရောက်ခင် တူရကီကနေ ဂရိကို ဖြတ်ကျော်လာခဲ့တာပါ။
ဒီအကျပ်အတည်းရဲ့ရှေ့တန်းမှာ ရှိနေရတဲ့ ဂရိက သူ့နိုင်ငံဟာ ဥရောပကိုဝင်တဲ့ ဂိတ်တံခါးပေါက် ထပ်မဖြစ်ရအောင် သေချာလုပ်ဖို့ နယ်ခြားစောင့်တပ်တွေကို တပ်လှန့်သတိပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂရိကာကွယ်ရေးဝန်ကြီး နိကိုစ်ပါ့နာယိုသိုပူလိုစ်နဲ့ ဂရိနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ဝန်ကြီး မီဟာလိစ်ခရစ်ဆို ရှိုအိဒေးစ်တို့ဟာ မနှစ်ကတည်းက စတင်ခဲ့တဲ့ တူရကီနဲ့ နယ်နိမိတ်မြစ်ကြောင်းတလျှောက်မှာ ခြံစည်းရိုး တိုးချဲ့ခြင်းပြီးစီးမှုနဲ့ အဆင့်မြင့်နည်းပညာ၊ အလိုအလျောက် အီလက်ထရောနစ် စောင့်ကြည့်ရေးစနစ် အကောင်အထည်ဖော်ခြင်းတို့ကို စစ်ဆေးခဲ့ပါတယ်။
ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မီဆိုးတာကီစ်ဟာ အာဖဂန်နစ္စတန်အခြေအနေကို တူရကီသမ္မတ တေယစ်အာဒိုဂန်နဲ့ သောကြာနေ့မှာ ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။
တူရကီနိုင်ငံဟာ အီရန်နဲ့နယ်နိမိတ်တလျှောက်မှာ အစီအမံတွေ ချမှတ်ထားပြီး သူ့နိုင်ငံဟာ ဥရောပရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သိုလှောင်ထိန်းသိမ်းတဲ့ စခန်းနေရာတစ်ခု ဖြစ်လာစရာ မရှိဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။