အာဖဂန် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကာကွယ်မည်ဟု တာလီဘန် အာမခံ

အာဖဂန်နစ္စတန်ရှိ တာလီဘန်တပ်ဖွဲ့တွေဟာ ကဘူးလ်မြို့တော်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေကြပြီး မြို့ကို ပြန်လည်ထူထောင်နေချိန်မှာ လူတွေရဲ့ ကောင်းကျိုးကို အာမခံပါတယ်လို့ တာလီဘန်အဖွဲ့၀င်တွေက ဩဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
တာလီဘန်အဖွဲ့ထဲက တချို့လူတွေဟာ လူနေအိမ်ရာတွေကို လုယက်ဖို့ ကြိုးစားခဲ့တာ ရှိပေမဲ့ သူတို့ကိုလည်း အချိန်မီဖမ်းနိုင်ခဲ့တယ်လို့ ကဘူးလ်မြို့တော်မှာ ပြည်သူ့အကျိုးဆောင်ဖို့ ဖွဲ့စည်းထားတဲ့ စစ်ဆင်ရေးဌာနတစ်ခုရဲ့ တာဝန်ခံ တာလီဘန်အုပ်စုတပ်မှူးက ပြောပါတယ်။
သူတို့ဟာ လာမယ့် အစ္စလာမစ်အစိုးရသစ်ကို ကြေညာဖို့ ခေါင်းဆောင်မှုအသစ်ကို စောင့်ဆိုင်းနေတာဖြစ်ပြီး သူနဲ့ သူ့အဖွဲ့တွေဟာ ကဘူးလ်ပြည်သူတွေ လုံခြုံရေးအတွက် ၂ ည တိုင်တိုင် မအိပ်ဘဲ တာဝန်ယူပေးခဲ့တယ်လို့ တရုတ်မီဒီယာဂရု (CMG) ကို ပြောပါတယ်။
ပြည်သူတွေရဲ့ လုံခြုံရေး အားကောင်းဖို့အတွက် အားလုံးပါဝင်နိုင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပြီးတော့ နေ့ရော ညပါ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
တချို့ဒေသတွေမှာ လူတွေရဲ့ အပြုအမူတွေကို မကျေနပ်ရင် ဒါမှမဟုတ် ဒေသခံတွေကို ခြိမ်းခြောက်တာတွေရှိရင် နီးစပ်ရာခရိုင်တွေမှာ သူတို့ဆီကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဖဂန်မြို့တော်ကို တာလီဘန်တို့သိမ်းပိုက်ပြီးနောက်မှာ တချို့ ပြည်သူတွေဟာ တာလီဘန်တွေ လက်အောက်ကနေ နိုင်ငံခြားတိုင်းပြည်တွေဆီ ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးပမ်းနေကြသလို ထွက်ပြေးစွန့်ခွာဖို့ မတတ်နိုင်ကြတဲ့ တချို့ဒေသခံတွေလည်း သူတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေအတွက် ကဘူးလ်မြို့တော်ရဲ့ လမ်းမတွေပေါ် ပြန်ရောက်လာကြပါတယ်။
ဒေသခံတွေကတော့ တာလီဘန်အဖွဲ့အနေနဲ့ အများကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ဆောင်ကြဉ်းပေးနိုင်ဖို့နဲ့ မြို့ထဲမှာ အနိုင်ကျင့်မှုနဲ့ လုယက်မှုတွေ ရှိတော့မှာမဟုတ်ဘူးလို့လည်း မျှော်လင့်နေကြပါတယ်။