လော့ဒေါင်းချလိုက်သည့်အပေါ် သြစတြေးလျပြည်သူများ ကန့်ကွက်ဆန္ဒပြ

သြစတြေးလျနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူတွေ စံချိန်တင်မြင့်တက်နေပြီး ပြည်နယ်အသီးသီးက မြို့ကြီးတွေမှာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေက လော့ဒေါင်းချတာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဒလ်တာမျိုးကွဲ ကူးစက်ပျံ့နှံ့မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ဆစ်ဒနီမြို့မှာ သြဂုတ် ၂၁ ရက်က လုံထိန်းရဲတွေနဲ့ လော့ဒေါင်းဆန့်ကျင်တဲ့ သပိတ်မှောက်ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။
ရဲတွေနဲ့ တခြားအရာရှိတွေဟာ ဆန္ဒပြဖို့ စီစဉ်နေတဲ့ လူအုပ်စုငယ်တွေ စုဝေးတာကို တားဆီးခဲ့ပြီး လုံးထွေးချုပ်နှောင် ခေါ်သွားပေမဲ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရမှု သတင်းကတော့ ချက်ချင်းမသိရသေးပါဘူး။
ပြည်နယ်ကျန်းမာရေးဝန်ကြီး ဘရဒ်ဟဲဇာ့ဒ်က “နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ အရမ်းဆိုးရွားတဲ့ အခြေအနေကို ရောက်နေလို့ တကိုယ်ကောင်းဆန်ဖို့ အချိန်မရှိဘူး၊ ကိုယ့်မိသားစုနဲ့ပိုများ ပိုကျယ်ပြန့်တဲ့ လူ့အသိုင်းအဝိုင်းအတွက် တွေးပေးရမယ့်အချိန်ပါ” လို့ ပြောပါတယ်။
ဘရစ္စဘိန်းနဲ့ မဲလ်ဘုန်းမှာလည်း ဒီနေ့မှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီး လူအုပ်ကြီးက မြို့ကို ဖြတ်ပြီး ချီတက်ခဲ့ကြပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ်လ် အင်ဒရူးစ်က ပြည်နယ်တွင်း ရောဂါဖြစ်ပွားမှု အသစ် ၆၁ ခုကို အစီရင်ခံခဲ့ပြီးနောက်မှာ မဲလ်ဘုန်းကို စနေနေ့မှာ လော့ဒေါင်းချလိုက်ပါတယ်။