close

ခေတ်မီလက်နက်များရရှိရန် အရေးကြီးကြောင်း ရေစကြို PDF တပ်ဖွဲ့ ပြော

တော်လှန်ရေးအောင်မြင်ဖို့ တော်လှန်ရေးအင်အားစုတွေဆီမှာ ခေတ်မီလက်နက်ရရှိဖို့ အရေးကြီးတယ်လို့ သြဂုတ် ၂၃ ရက် နေ့လယ်က  မကွေးတိုင်ဒေသကြီး၊ ရေစကြို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်​ဖြတ်တာတွေကို ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေမှာ ခေတ်မီလက်နက်တွေ လိုအပ်နေတာပါ။

ရေစကြို ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ဝင်တစ်ဦးက "တော်လှန်ရေးအင်အားစုတွေအတွက် အဓိက အဆင့်မီတဲ့ လက်နက်တွေ ရရှိဖို့အတွက်က အဓိကပေါ့။ ကျန်တဲ့ရိက္ခာ၊ ဆေးဝါတွေကို ပြည်သူလူထုက ပူးပေါင်းပါဝင်လှူဒါန်းတာရှိတယ်" လို့ ပြောပါတယ်။

ရေစကြိုမြို့ခံတစ်ဦးက "လက်နက်မဲ့ပြည်သူကို အကြမ်းဖက်ပြီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီသူပုန်တွေကို တော်လှန်ဖို့က လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ အမြန်ဆုံးရဖို့ လိုတယ်။ တော်လှန်ရေးက နိုင်မှဖြစ်မယ်။ မနိုင်ရင် ပြည်သူတွေ သူပုန်စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံနေရမှာပဲ" လို့ ပြောပါတယ်။

သြဂုတ်  ၁၉ ရက် မနက်ပိုင်းက ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ သဲပုံတပ်စခန်းကို ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီရဲ့တပ် အင်အား ၁၀၀ နီးပါးနဲ့ အလစ်ဝင်​ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ အချိန်မကျရောက်သေးတဲ့အပြင်  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တိုက်ပွဲခေါ်သံကို စောင့်ဆိုင်းနေချိန် စခန်းကိုစွန့်ခွာပြီး ဆုတ်ခွာပေးခဲ့ရတာပါ။

တပ်စခန်း ဆုတ်ခွာလာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးတာ၊ ဖမ်းဆီးခံရတာ မရှိပေမယ့် ကျန်ရစ်ခဲ့တဲ့ မီးစက်၊ စက်ယန္တရား၊ ဆိုင်ကယ်၊ လက်နက်တွေနဲ့ ဆန်ရိက္ခာတွေကို သိမ်းယူသွားတဲ့အပြင် စခန်းကို မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up