close

ယောဒေသတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ကျော်သေဆုံး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ယောဒေသအတွင်း သြဂုတ် ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရမှာ တပ်သား ၃၀ ကျော်သေဆုံးပြီး ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကား ၈ စီး၊ အိမ်စီးကား ၁ စီးနဲ့ ကလေးမြို့ဘက် ထိုးစစ်ဆင်လာတာကို YDF တပ်ဖွဲ့ဝင် ၁၆ ယောက်လောက်က မိုင်းခွဲတိုက်ခိုက်ရာမှာ မိုင်းအကြီး ၃ လုံးပေါက်ကွဲပြီး ကားသုံးစီး မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကားနှစ်စီးကတော့ အလောင်းတွေ၊ ဒဏ်ရာရသူတွေကို တင်ဆောင်ပြီး ဂန့်ဂေါမြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ YDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်ကြီး RPG တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် နှမ်းခင်းတွေသာ ပျက်စီးဆုံးရှုံးခဲ့ပြီး YDF တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ်ပိုင်း ဂန့်ဂေါမြို့နယ် ကန်ရဲစခန်းက ရဲတပ်သား ၄ ယောက် ဆိုင်ကယ်နဲ့ ထွက်လာတာကို YDF တပ်ဖွဲ့ဝင်တစ်ယောက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘယ်နှယောက်သေဆုံးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ယောဒေသအတွင်း စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up