close

တားမြစ်နယ်မြေ ကျော်လာပါက တိုက်ပွဲဖြစ်လာမည်ဟု ကေအန်ယူ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်ဖို့  စစ်ကောင်စီတပ်နဲ့အတူ BGF တပ်ဖွဲ့တွေ ဝင်ရောက်လာနေပြီး နယ်မြေကျော်လာပါက တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အနေနဲ့ တားမြစ်နယ်မြေကို လုံးဝ သွားလာခွင့်ပြုမှာ မဟုတ်တဲ့အတွက် နယ်မြေကျော်လာပါက တိုက်ပွဲတွေ ဖြစ်ပွားလာမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ  ကေအန်ယူ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်ကို တိုက်ဖို့ စစ်ကောင်စီတပ်တွေနဲ့အတူ BGF (1017) ဗိုလ်ဒီးဒီ ဦးဆောင်တဲ့အဖွဲ့က ကော့ကရိတ်-ကမိုင်ကုန်းဘက်၊  BGF (1021) ဗိုလ်ဘီလူး ဦးဆောင်တဲ့အဖွဲ့က ကျုံဒိုး-ထီးဟူသံဘက်၊ BGF (1023) ဗိုလ်ဒေါဒေါ ဦးဆောင်တဲ့ အဖွဲ့က ကျိုက်ဒုံ-ကွင်းကလေးဘက်ကနေ ကေအန်ယူ-ကော့ကရိတ်မြို့နယ်အတွင်းကို ထိုးစစ်ဆင်ဖို့ ဝင်လာနေကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ လက်ရှိအချိန်မှာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးကျောင်း အနီးတွေမှာ တပ်စခန်းချကြောင်း၊ သူတို့တွေက ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း ရှိနေတဲ့ CDM တွေ၊ GZ တွေကို ဝင်ရောက်ရှင်းလင်းမယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

ထိန်းချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်စခန်းများသာ ရှိတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်လာပါက ခိုလှုံသူတွေ၊ ဒေသခံပြည်သူတွေ စစ်ရှောင်ဒုက္ခသည်တွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်လာမှုကြောင့်  ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေးနေရပြီဖြစ်ပါတယ်။ 

ကေအန်ယူ-ကော့ကရိတ်မြို့နယ် ကွင်းကလေးရွာအနီမှာ စစ်ကောင်စီတပ် စကခ (၁၃) လက်အောက်ခံတပ်နဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ မနေ့ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက်  စစ်ကောင်စီတပ်က ဒေသခံနှစ်ဦး ဖမ်းဆီးပြီး အမျိုးသားတွေကို ပေါ်တာဆွဲနေတယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up