မန်စီးတီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဟု နဗီးလ်နှင့် ကာရေဂါ ခန့်မှန်း

အခုနှစ်ရာသီ ပမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးကချန်ပီယံဖြစ်နိုင်ပြီး ချဲလ်ဆီးက ဒုတိယရနိုင်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့က ခန့်မှန်းလိုက်ပါတယ်။
စကိုင်း စပေါ့ရဲ့ Monday Night Football အစီအစဉ်မှာ နဗီးလ်နဲ့ကာရေဂါတို့က ပရီးမီးယားလိဂ် အဆင့်ရပ် တည်မှုနဲ့ ပတ်သက်ပြီး ခန့်မှန်းခဲ့ကြတာပါ။ မန်စီးတီးက ချန်ပီယံ၊ ချဲလ်ဆီးက ဒုတိယ ရလိမ့်မယ်လို့ နှစ်ယောက်စလုံးက ခန့်မှန်းခဲ့ကြပေမယ့် တတိယနေရာအတွက်တော့ သဘောထားကွဲလွဲခဲ့ကြပါတယ်။
မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးက အဆင့် ၃ ၊ မန်ယူက အဆင့်၄ ရမယ်လို့ သုံးသပ်ခဲ့ပြီး ကာရေဂါကတော့ မန်ယူကအဆင့် ၃ ၊ လီဗာပူးကအဆင့်၄ ရမယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။
တခြားအသင်းတွေထဲကအောင်မြင်မှုရနိုင်တဲ့အသင်းတွေအနေနဲ့ နဗီးလ်က အဲဗာတန်၊ ကာရေဂါက ဘရိုက်တန်တို့ကို ရွေးချယ်ပါတယ် ။ အောင်မြင်မှု လျော့ကျနိုင်တဲ့အသင်းတွေအနေနဲ့ နဗီးလ်က အာဆင်နယ်၊ ကာရေဂါက မန်ယူအသင်းတို့ကို ရွေးပါတယ်။
အကောင်းဆုံးလူငယ်ကစားသမား ရွေးချယ်ရာမှာတော့ နဗီးလ်က ခိုင်ဟာဗက်ဇ်၊ ကာရေဂါက စမစ်ရိုးကို ရွေးပါတယ်။ စောင့်ကြည့်ရမယ့် ကစားသမားတွေအနေနဲ့ နဗီးလ်က ရာဖေးဗာရန်း၊ ကာရေဂါက ဂျေဒန်ဆန်ချိုတို့ကို ရွေးချယ်သွားခဲ့ပါတယ်။