ဗီယက်နမ်သို့ အမေရိကန် ဒုသမ္မတ ကမယ်လာဟဲရစ် သွားရောက်

အရှေ့တောင်အာရှနိုင်ငံတွေကို တစ်ပတ်ကြာ ခရီးလှည့်နေတဲ့ အမေရိကန် ဒုသမ္မတ ကမယ်လာဟဲရစ်ဟာ စင်ကာပူနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို သြဂုတ် ၂၄ ရက်က ထွက်ခွာသွားပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းက ဥပဒေမဲ့ ပိုင်နက်ကြေညာချက်တွေကို ကျောထောက်နောက်ခံပေးဖို့ အကျပ်ကိုင် ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။
တောင်တရုတ်ပင်လယ်အရေးဟာ အမေရိကန် လုံခြုံရေးအတွက် မဖြစ်မနေ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
ဟဲရစ်ရဲ့ စင်ကာပူနဲ့ ဗီယက်နမ် ခရီးစဉ်ဟာ တရုတ်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအပေါ် လွှမ်းမိုးမှု တိုးလာတာကို ဟန့်တားကာကွယ်ဖို့ ရည်မှန်းထားတာပါ။
တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောနေတဲ့အပေါ် စိုးရိမ်ပြီး အမေရိကန် အစိုးရက နည်းလမ်းကို ဦးဆောင်နိုင်ကြောင်းလည်း သူက မိန့်ခွန်းထဲမှာ ပြောပါတယ်။
တရုတ်ရဲ့ ပြိုင်ဆိုင်မှုကို ရာစုနှစ်အတွင်း အကြီးဆုံး ဘူမိနိုင်ငံရေး စမ်းသပ်ချက်လို့ အမေရိကန်အစိုးရက ခေါ်ဝေါ် ခဲ့တာပါ။
ဒါကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် အပါအဝင် အမေရိကန် အစိုးရ ထိပ်တန်းအရာရှိတွေက အရှေ့တောင်အာရှ အာဆီယံဒေသကို ဆက်တိုက် လာရောက် လည်ပတ်ခဲ့ကြပါတယ်။