close

ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှုကန့်သတ်ချက် လျှော့ချရန် ဗဟိုဘဏ်တိုက်တွန်း

photo-MOI

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မူပေးရာမှာ ကန့်သတ်ချက် တွေလျှော့ချပြီး ဝန်ဆောင်ခနှုန်းတွေကိုလည်း လျှော့ချဖို့လိုအပ်တယ်လို့  စစ်ကောင်စီ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်တွန်းပြောပါတယ်။

ဩဂုတ် ၂၇ ရက်နေ့က ဗွီဒီယိုကွန်ဖရန့်စနစ်နဲ့ ပြုလုပ်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီသတင်းစာတွေမှာဖော်ပြပါတယ်။

ဘဏ်တစ်ဘဏ်နဲ့ တစ်ဘဏ် ငွေလွှဲပြောင်းမှုတွေကို ကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်ပေးဖို့၊ ဘဏ်တွေအပေါ် ယုံကြည်မှုကောင်းမွန်လာစေရေး ဗဟိုဘဏ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း ငွေပေးချေမှုတွေကို အကန့်အသတ်မထားဘဲ ဆောင်ရွက်ပေးဖို့၊ ဒစ်ဂျစ်တယ်ငွေပေးချေတာ၊ အကောင့်အချင်းချင်း ငွေလွှဲပို့တာ၊ CBM-netရဲ့ အကောင့်ငွေလွှဲပြောင်းတာစတဲ့ အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းတွေကို တွန်းအားပေး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ 

ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ သံသယရှိတဲ့ အကောင့်တွေကို ပိတ်သိမ်းတာတွေ ဆက်တိုက် လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီလို အကောင့်တွေ ပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဘဏ်စနစ်အသုံးပြုသူတွေကလည်း ဘဏ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေတာရှိသလို ဘဏ်တွေ ကိုယ်တိုင်က ဘဏ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ လိုလိုလားလားနဲ့ ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။ 

ပုဂ္ဂလိကဘဏ်တွေနဲ့ ဗဟိုဘဏ်က ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်းပြန်လည်ပိတ်ဖို့ လုပ် ဆောင်နေတယ်ဆိုပေမဲ့ ပြည်သူတွေကတော့ မိမိဘဏ်အကောင့်ထဲက ငွေထုတ်မရတာ၊ ငွေသား ရှားပါးတဲ့အခက်အခဲရှိနေပါတယ်။

အခုအချိန်အထိ ပြည်သူတွေက မိမိဘဏ်အကောင့်ထဲက မြန်မာငွေတွေကို ရာခိုင်နှုန်းပေးပြီး ငွေသားနဲ့လဲနေရဆဲဖြစ်သလို ATM စက်တွေမှာလည်း ငွေထုတ်ဖို့ နာရီပေါင်း များစွာ စောင့်ဆိုင်းတန်းစီနေကြရဆဲဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက  ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ ပတ်သက်လို့  ATM စက်ကနေ တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ်  ၊ ဘဏ်ကနေ  တစ်ဦးချင်းအကောင့်နဲ့ တစ်ပတ်ကို ငွေကျပ် သိန်း ၂၀ ကျပ် ၊ ကုမ္ပဏီ၊အဖွဲ့အစည်းတွေအတွက်က ငွေကျပ်  သိန်း ၂၀၀  သာထုတ်ယူ ခွင့်ပြုဖို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘဏ်တွေကတော့ ကိုယ်ပိုင်ဘဏ်မူဝါဒနဲ့ ငွေကြေးပမာဏကန့်သတ်ပြီး အနည်းငယ်သာ ထုတ်ပေးနေကြတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ကတော့ ဘဏ်တွေကနေငွေ အကန့်အ သတ်နဲ့ ထုတ်ယူရတဲ့ကိစ္စကို လာမယ့်စက်တင်ဘာလဆန်းပိုင်းက စတင်ပြီးဖြေလျှော့ပေမယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုမှာပြောဆိုထားပြီး ဘဏ်တွေက ဗဟိုဘဏ်ကန့်သတ်ချက်နဲ့ အညီ အပြည့်အဝထုတ်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up