close

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်၊ မိုင်းနကျေးရွာအုပ်စုရှိ မြန်မာနယ်စပ်အနီးမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူကြား ပစ်ခတ်ဖြစ်ခဲ့ပြီး မူးယစ်သယ်ဆောင်လာတဲ့ဘက်က ၁ ဦးသေဆုံးကာ စိတ်ကြွဆေး အလုံးရေ ၄၃၀,၀၀၀၊ ဘိန်းစိမ်း ၈ ကီလိုဂရမ်၊ သေနတ်နဲ့ ကျည်ဆန်တို့ ဖမ်းဆီးရမိတယ်လို့  တာဝန်ရှိသူတွေက ဩဂုတ် ၃၁ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နယ်စပ်ဒေသရာဇဝတ်မှုပပျောက်ရေး၊ တရားမဝင် ဝင်ထွက်မှုတားဆီးရေးအတွက် တပ်မဟာ ၅   သံချပ်ကာတပ်ရင်းတပ်ဖွဲ့ ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့ညက နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးနေကြောင်း၊ မြန်မာနယ်စပ်နဲ့ မီတာ ၈၀၀ ခန့်အကွာမှာ ကျောပိုးအိတ်ကိုယ်စီ နဲ့ သေနတ်တွေပါ ကိုင်ဆောင်ပြီး ပြောင်းခင်းတွေထဲဝင်လာတဲ့ လူ ၁၀ မှ ၁၅ ဦးခန့်ကို တွေ့ရှိလို့ စစ်ဆေးဖို့ လူယောင်ထွက်ပြစဉ် တဖက်က စတင်ပစ်ခတ်ခဲ့တာလို့ တပ်မဟာ ၅ သံချပ်ကာတပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြီးတေချထွဏ်းဆိုင်ယုဒ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပစ်ခတ်မှု ၁၀ မိနစ်ခန့် ၁၅ မိနစ်ကြာမြင့်ပြီး ညဉ့်မှောင်နေတာက တကြောင်း၊ ပြောင်း ပင်တွေ ကွယ်နေတာကတကြောင်းမို့ နယ်မြေရှင်းလင်းရေးကို ချက်ချင်းမလုပ်နိုင်ဘဲ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ပတ်ပတ်လည်မှာ စောင့်ကြပ်ခဲ့ကြောင်း၊  ဩဂုတ် ၃၁ မနက် ၆ နာရီမှ နယ်မြေဝင်ရှင်းရာမှာ မူးယစ်သယ်ဆောင်သူဘက်က အလောင်း ၁ လောင်း၊ အမ် ၁၆ ပြောင်းရှည်သေနတ်တလက်၊ ကျည်ဆန်  ၂ ထောင့် နဲ့ ကျောပိုးအိတ်အစိမ်းရောင် ၅ လုံးစွန့်ပစ်ခဲ့တာ တွေ့ရပြီး အထဲမှာတော့ ကြယ် ၅ လုံးနဲ့ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေးပြား ၄၃၀,၀၀၀၊ ဘိန်းစိမ်း အလေးချိန် ၈ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဥပဒေမဲ့လုပ်ရပ်တွေပပျောက်ရေး၊ တရားမဝင် မူးယစ်ဆေးသယ်ဆောင်မှု၊ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာမှု ထိန်းချုပ်ရေးအတွက် နယ်စပ်ကနေ အတွင်းပိုင်းထိ  ကြည့်ရှုစောင့်ကြပ်တဲ့ အဖွဲ့ပေါင်း ၁၀၈ ဖွဲ့ ထားရှိပြီး စစ်ဆေး ရေးဂိတ်ပေါင်း ၄၀ နေရာ ချထားတယ်လို့ ဒုတပ်ရင်းမှူးက ပြောသွားပါတယ်။ 

ကိုးကား - Thairath / MGRonline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up