close

မြန်မာဆောက်လုပ်ရေးလုပ်သားမိသားစု ဘတ် ၆ သန်းတန် ထိုင်းထီ ပထမဆု ပေါက်

၂၀၂၁ စက်တင်ဘာ ၁ ရက်နေ့ထုတ် ထိုင်းထီ ပထမဆုပေါက်ဂဏန်းကို ကရင်မိသားစုက ၂ ဆုဆွတ်ခူးခဲ့သလို  ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲက မြန်မာဆောက်လုပ်ရေးမိသားတစ်စုကလည်း  ပထမဆု ၁ ဆုပေါက်တယ်လို့ AAC  မြန်မာအလုပ်သမား ကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။ 

သူတို့မိသားစု ထီပေါက်ကြောင်း ၁ ရက်နေ့ကတည်းက ဆက်သွယ်လာပေမယ့် လမ်းခရီး ဝေးတာ၊ ကိုဗစ်-၁၉ ကာလ ခရီးသွားလာခွင့်အတွက် ပြင်ဆင်ရလို့ ဘန်ကောက်ကို မနေ့မှရောက်လာပြီး ဒီနေ့မနက် ဆုငွေသွားထုတ်ပေးခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“ပထမတော့ သူတို့အလုပ်ရှင်က လိုက်ထုတ်ပေးမယ်လို့ပြောတယ်၊ ပြီးတော့ ငွေ ၂ သိန်း ချေးဖို့ပြောတယ်တဲ့၊ သူတို့က ကျနော်တို့ကို ပိုယုံကြည်ပြီး ကူညီပေးဖို့အကြောင်းကြားလာတယ်၊ ကိုဗစ်ကာလ ခရီးသွားရတာဆိုတော့ ကျန်းမာရေးထောက်ခံစာ၊ နယ်မြေထွက်ခွာခွင့်တွေ အရင် လုပ်ရတာပေါ့။ ဒါပေမဲ့ သူတို့ဇနီးမောင်နှံက အလုပ်သမားကတ်၊ နေထိုင်ခွင့် အထောက်အထား အပြည့်အစုံရှိတော့ လွယ်လွယ်ကူကူ ထုတ်နိုင်ခဲ့ပါတယ်၊ ကနေ့မနက်ဘဲ သွားထုတ်လာတယ်။ မြန်မာငွေနဲ့ ဆိုစုစုပေါင်း သိန်းပေါင်း ၂၅၀၀ လောက်ရပါတယ်ခင်ဗျ။”

ထီပေါက်သူ အမျိုးသမီးကလည်း သူတို့မှာ  တနင်္သာရီတိုင်း  မြိတ်မြို့နယ်ကဖြစ်ပြီး ထိုင်းရောက်နေတာ ၁၅ နှစ်နဲ့ ကလေး ၄ ယောက်ရှိကြောင်း၊ လင်မယား ၂ ယောက်လုံး ပန်းရံ လုပ်ကာ ထိုင်းထီကိုလည်း  လတိုင်းထိုးပြီး ဒီတခါ ပထမဆုပေါက်တော့ အရမ်းပျော်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“အရင်က သုံးလုံး ၂ ခါပေါက်ဖူးတယ်၊ ဒီတခါ ပထမဆုပေါက်တော့ တအားပျော်တာပေါ့။ ထီမပေါက်ခင်က အိပ်မက်မက်တာ ရေထဲမှာမြွေတွေအများကြီးဘဲ၊ အဲဒီနိမိတ်နဲ့ ဂဏန်းကိုရွေးထိုး တာပေါ့၊ အရင်တုံးက အရင်းအနှီးရှိရင် ပန်းရံမလုပ်ဘဲ ဈေးဆိုင်ဖွင့်ချင်တယ်ပေါ့။ အခုတော့ ဆန္ဒပြည့်ပြီပေါ့၊ ထီပေါက်တဲ့ ပိုက်ဆံနဲ့ ပန်းရံတူတူလုပ်တဲ့ အလုပ်သမားတွေကိုလည်း မုန့်ဖိုး ဝေပေးမယ်၊ အယောက် ၂၀ လောက်ရှိတယ်၊ အေအေစီအဖွဲ့ကိုလည်းလှူမယ်၊ ရွာမှာလည်း အလှူလုပ်မယ်။”

ထိုင်းမှာ ထီပေါက်တဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘေးကင်းလုံခြုံစွာ ဆုငွေထုတ်နိုင်ဖို့ AAC အဖွဲ့မှ လိုက်လံကူညီဆောင်ရွက်ပေးနေရာမှာ ဒီတခေါက်ပါဆိုရင် သူတို့ကူညီပေးခဲ့တဲ့ ပထမ ဆုပေါက်သူ စုစုပေါင်း ၃၁ ဦးရှိသွားပြီ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up