ထိုင်းတွင် Pfizer နှင့် AstraZeneca ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နှစ်ကြိမ် ပေါင်းစပ်ထိုးနှံမည်

ထိုင်းနိုင်ငံမှာ Pfizer နဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ၂ ကြိမ် ပေါင်းစပ်ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။
ဒီအစီအစဉ်ကိုတော့ နောက်လထဲမှာ စတင်သွားဖို့ရှိနေပြီး ဝန်ကြီးဌာန ကိုဗစ်-၁၉ တိုက်ဖျက်ရေးဗဟိုက ခွင့်ပြုပြီးဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနညွန်ကြားရေးမှူး ဒေါက်တာ ဆိုဖွန် အိုင်ယမ်စီရီသာဗွန်က ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်းစပ်တွဲဖက်ထိုးနှံမှု အစီအစဉ်သစ်မှာတော့ အသက် ၁၈ နှစ်နဲ့အထက် ပြည်သူတွေအနေနဲ့ ပထမတကြိမ်ကို AstraZeneca ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပြီး ၄ ပတ်ကနေ ၁၂ ပြန်အကြာ ဒုတိယတကြိမ်မှာတော့ Pfizer ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ပထမတကြိမ်ကို Sinovac ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးပြီး ၃ ပတ်ကနေ ၄ ပတ်အကြာ ဒုတိယတကြိမ်မှာတော့ AstraZeneca ကာ ကွယ်ဆေးထိုးနှံပေးနေတာ ဖြစ်ပါတယ်။
“ခုကာကွယ်ဆေးထိုးနှံမှုအစီအစဉ်သစ်ကိုတော့ Pfizer ကာကွယ်ဆေးတွေ ရရှိတာနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ခုလထဲမှာ ကာကွယ်ဆေး ၁၀ သန်းလောက် ရောက်လာဖို့ ရှိနေပါတယ်”
ထိုင်းနိုင်ငံတဝန်းလုံးမှာ အခုလထဲ ကာကွယ်ဆေး ၁၅ သန်း ရရှိမှာဖြစ်တယ်လို့ လည်း ဒေါက်တာ ဆိုဖွန်က ပြောပါတယ်။