အန်ဒိုရာနှင့်ပွဲစဉ် အရန်ကစားသမားများဖြင့် အင်္ဂလန်အသင်းပွဲထွက်ကစားမည်

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အန်ဒိုရာနဲ့ ကစားမယ့်ပွဲစဉ်မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အရန်ကစားသမားတွေနဲ့ ပွဲထွက်ကစားသွားဖို့ စီစဉ်နေပါတယ်။
အင်္ဂလန်အသင်းဟာ ဟန်ဂေရီနဲ့ အဝေးကွင်းပွဲစဉ်မှာ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ကစားခဲ့ပြီး ၄ ဂိုး ဂိုး မရှိနဲ့အနိုင်ရခဲ့တာပါ။
အဲဒီပွဲအပြီး ၄ ရက်အကြာမှာ ကစားမယ့် အန်ဒိုရာနဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ ပွဲမကစားခဲ့ရတဲ့ အရန်ကစားသမားတွေကို ပွဲထုတ်ဖို့ နည်းပြဆောက်ဂိတ်က ဆုံးဖြတ်ထားပါတယ်။ အန်ဒိုရာအသင်းက ကမ္ဘာ့အဆင့် ၁၅၈ မှာရှိတဲ့ အသင်းဖြစ်လို့ နည်းပြဆောက်ဂိတ် အတွက် ပွဲထွက်လူစာရင်းကို စိတ်ကြိုက် အပြောင်းအလဲလုပ်နိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။
အန်ဒိုရာနဲ့ပွဲစဉ်မှာ အင်္ဂလန်အတွက်တစ်ပွဲမှ ကစားခဲ့ဖူးခြင်းမရှိသေးတဲ့ လိဒ်ယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ်ကို ပွဲထွက်စေဖို့ရှိပါတယ်။
ဒါ့အပြင် ဟန်ဂေရီနဲ့ပွဲမှာ ပွဲထွက်၁၁ယောက်စာရင်းမှာ မပါခဲ့တဲ့ အာနိုးလ်၊ ရီဆီဂျိမ်းစ် ၊ဘယ်လင်ဟမ်၊ ထရစ်ပီယာ၊ ကိုအာဒီ၊ ဆာကာ၊ လင်ဂတ် အစရှိတဲ့ ကစားသမား တွေကို အခွင့်အရေးပေးမှာဖြစ်တယ်လို့သိရပါတယ်။