အင်္ဂလန်၏ စတုတ္ထဦးစားပေး ကစားသမားဖြစ်သွားသည့်အပေါ် ရှင်းပြရန်ခက်ခဲဟု အာနိုးလ်ပြော

ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူအဖြစ်ကနေ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ စတုတ္ထမြောက် ဦးစားပေး နောက်ခံလူဖြစ်သွားတဲ့အပေါ် ရှင်းပြဖို့ခက်ခဲတယ်လို့ လီဗာပူးနောက်ခံလူ အာနိုးလ်က ပြောပါတယ်။
အာနိုးလ်ဟာ ၂၀၁၉ ခုနှစ်က ဥရောပချန်ပီယံဆုဖလားရရှိမှုနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူအဖြစ် ရွေးချယ်ခံခဲ့ရဖူးတာပါ။
လက်ရှိအင်္ဂလန်အသင်းမှာတော့ မန်စီးတီးက ကိုင်လီဝေါ်ကာ၊ အက်သလက်တီကိုက ထရစ်ပီယာနဲ့ ချဲလ်ဆီးက ရီဆီဂျိမ်းစ်တို့က ဦးစားပေးကစားသမားဖြစ်ပြီး အာနိုးလ်က စတုတ္ထမြောက် ဦးစားပေးကစားသွားဖြစ်သွားခဲ့ရတာပါ။
အာနိုးလ်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမတိုင်ခင်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး အင်္ဂလန်အသင်းမှာ လီဗာပူးအသင်းမှာလို ခြေစွမ်းမရသေးကြောင်း အာနိုးလ်က ဝန်ခံခဲ့ပါတယ်။
“ကျနော့်အသင်းက ခြေစွမ်းလိုမျိုး အင်္ဂလန်အတွက် ယူဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ အသင်းလူစာရင်း ရောက်လာကတည်းက ကိုယ့်ရဲ့အကောင်းဆုံးခြေစွမ်းလည်း မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ ရှင်းပြဖို့ခက်ခဲပါတယ်။ တစ်ခုရှိတာက ကွဲပြားခြားနားတဲ့ ကစားကွက်နဲ့ ကစားသမားတွေနဲ့အတူ ကစားရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကဆင်ခြေပေးတာမဟုတ်ပေမယ့် ကလပ်မှာလို ကစားရခက်ခဲခဲ့တာတော့အမှန်ပါပဲ။”
အာနိုးလ်ဟာ ၃ နှစ်အတွင်းမှာ အင်္ဂလန်အတွက် ၁၁ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။