close

တော်လှန်ရေးအမြန်ပြီးမြောက်ရေး ပြည်သူဘက် ရပ်တည်ပေးရန် ကယား စစ်ကောင်စီတပ်များကို KNDF တောင်းဆို

တော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်အောင် အဖိနှိပ်ခံပြည်သူဘက်က ရပ်တည်ပေးဖို့   ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေခံ စစ်ကောင်စီတပ်တွေကို  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပန်ကြားလိုက်ပါတယ်။

KNDF အနေနဲ့  စစ်အာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ တော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်ကြောင်း စစ်သားတွေ ရဲတွေကို မုန်းလို့ တိုက်ခိုက်နေတာ မဟုတ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ အန်အယ်ဒီပါတီအတွက် တိုက်ခိုက်နေတာမဟုတ်သလို တိုင်းရင်းသားပါတီတွေ အာဏာရရေးတိုက်ခိုက်နေတာ မဟုတ်ဘဲ တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် လက်နက်အားကိုး ဗိုလ်ကျနေပြီး ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်နေတဲ့ စစ်ဗိုလ်တစုနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ခိုက်နေတဲ့အတွက် KNDF နဲ့ လာရောက်ပူးပေါင်းဖို့  တိုက်တွန်းထားပါတယ်။

နိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်နဲ့ စနစ်သစ်ကို ဖော်ဆောင်မယ့် တော်လှန်ရေးဟာ အဖိနှိပ်ခံ ပြည်သူတွေနဲ့ စစ်အာဏာရှင်စစ်အုပ်စုကြား ရှင်းကြရမယ့်ပွဲ၊ တိုက်ခိုက်ကြမယ့် တိုက်ပွဲဖြစ်တဲ့အတွက် တပ်မှူးတွေ၊ တပ်သားတွေအနေနဲ့ စစ်အုပ်စုအကျိုးအတွက်  အသက်စတေးစရာ မလိုကြောင်းလည်း ဖော်ပြပါတယ်။

တပ်မတော်သားတွေအနေဲ့ KNDF နဲ့ လာရောက်ပူးပေါင်းမယ်ဆိုပါကလည်း လုံခြုံရေးကို အထူးအာမခံပေးမှာဖြစ်သလို ပြည်သူတွေအတွက် အထူးရပ်တည်တဲ့ စစ်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ရေးအရှိန်မြင့်လာပြီး တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာဖို့ရှိနေတဲ့အတွက် KNDF တပ်ဖွဲ့အနေနဲ့ အဆုံးထိ တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ပြီးသာဖြစ်ပြီး အချိန်မနောက်ကျခင် အမြန်ဆုံး လာရောက်ပူးပေါင်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေး တိုက်ပွဲစတင်ခဲ့တာ ၃ လကျော်လာပြီဖြစ်ပြီး တိုက်ပွဲတလျှောက် အပြစ်မဲ့ပြည်သူ့အသက်အိုးအိမ်တွေ သေကျေပျက်စီးခဲ့ သလို ပြည်သူ့ကာကွယ်ရေးတပ်သားရဲဘော်တွေ၊ စစ်ကောင်စီဘက်ကနေတိုက်တဲ့ နယ်မြေခံတပ်ရင်းက တပ်သားတွေလည်း မြောက်မြားစွာ ကျဆုံးခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up