ပိုလန်နှင့်ပွဲစဉ်တွင် လူစားမလဲခဲ့သဖြင့် အင်္ဂလန်နည်းပြဆောက်ဂိတ် ဝေဖန်ခံရ

ပိုလန်အသင်းနဲ့ ၁ ဂိုး စီသရေကျသွားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်မှာ လူစားမလဲခဲ့တဲ့ အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ကာကွယ်ပြောပါတယ်။
အင်္ဂလန်အသင်းဟာပွဲချိန် ၇၂ မိနစ်မှာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကိုက်၃ဝ အကွာက သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ၉၂ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။
ပိုလန်အသင်းက ကစားသမား ၅ ဦး လူစားလဲပြီးနောက်မှာ ချေပဂိုး ရယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ပွဲပြီးချိန်အထိ ကစားသမားတစ်ဦးမှ လူစားလဲခြင်းမပြုခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လူစားလဲခြင်းမရှိခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ နည်းပြ ဆောက်ဂိတ်က ကာကွယ်ပြောခဲ့ပြီး ကစားသမားတွေရဲ့ခြေစွမ်းကောင်းမွန်ပြီး ပွဲကိုထိန်းချုပ်ထား ချိန်မှာ လူစားလဲဖို့ မလွယ်ကြောင်းလည်း ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပိုလန် နဲ့ သရေကျခဲ့တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်း ကျိုးပျက်သွားပေမဲ့ အုပ်စုပထမနေရာကနေ ပိုလန်အသင်းကို ၄ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။