တာလီဘန်အစိုးရသစ်နှင့် ဆက်ဆံရေးထိန်းသိမ်းရန် အသင့်ဟု တရုတ်ပြော

တရုတ်အစိုးရက အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရသစ် ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ အသင့်ပဲလို့ စက်တင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။
ပြန်လည်တည်ဆောက်ရေး လိုအပ်တဲ့ ခြေလှမ်းတွေ လှမ်းဖို့ကိုလည်း ဆော်သြ လိုက်ပါတယ်။
တာလီဘန်ခေါင်းဆောင်တွေက အစိုးရအဖွဲ့ဝင်တွေရဲ့ နာမည်စာရင်းကို စက်တင်ဘာ ၇ ရက်မှာ ကြေညာအပြီး တရုတ်အစိုးရက အသိအမှတ်ပြု မလားလို့ မေးရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝင်ဘင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ခုလိုပြောခဲ့တာပါ။
အာဖဂန်အစိုးရသစ်အတွင်း ထိပ်တန်းရာထူးတွေမှာ တာလီဘန်တွေဟာ သူတို့ရဲ့ အတွင်းစည်း ဖွဲ့စည်းပုံထဲက လူတွေကို ဆွဲထုတ် ခန့်ထားခဲ့တာပါ။
တရုတ်ဟာ အာဖဂန်နစ္စတန်ရဲ့ အချုပ်အခြာ၊ လွတ်လပ်ခွင့်နဲ့ ပိုင်နက်ဂုဏ်သိက္ခာတို့ကို လေးစားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောခဲ့ပါတယ်။