close

ကျောက်မဲမြို့နယ် စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၄ ဦးထပ်တွေ့

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မန်ခါ (မန်ကျောင်း)နဲ့ နမ့်ဆော့ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၁၁ ဦး တွေ့ရှိပြီးတဲ့နောက် ဆက်စပ်သူတွေကို ဆက်လက်စစ်ဆေးရာမှာ စက်တင်ဘာ ၉ ရက်အထိ  နောက်ထပ် ၃၄ ဦး တွေ့ရှိပါတယ်။ 

ဒီမတိုင်ခင် စက်တင်ဘာ ၇ ရက်နေ့က  မန်ခါရွာ စစ်ဘေးရှောင်စခန်းမှာ ၁၀ ဦးနဲ့ နမ့်ဆော့ရွာမှာ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတာတွေ့ပြီးတဲ့နောက် ပြည်သူ့ကျန်းမာရေးဌာနက မနေ့က အဆိုပါစစ်ရှောင်စခန်းကို သွားရောက်စစ်ဆေးရာမှာ  ၂ နေရာပေါင်း နောက်ထပ် ၃၄ ဦးတွေ့ရှိတာလို့ ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဌာနမှူးလည်းဖြစ် ဆေးရုံအုပ်ကြီး လည်းဖြစ်တဲ့ ဒေါက်တာ ဦးကျော်မိုးထွန်းက ပြောပါတယ်။

“မနေ့တုန်းက ဆရာတို့က PCR နဲ့ စစ်ဖို့ အာခေါင်တို့ဖတ်  ယူထားတာရှိတယ်။ ပြီးတော့ RTC နဲ့ ချက်ချင်းစစ်တာရှိတယ်။ ချက်ချင်းစစ်တဲ့ထဲက နမ့်ဆော့ရွာမှာ ၂၄ ယောက် positive တွေ့တယ်။ နောက်တခုက မန်ကျောင်း( မန်ခါ ) မှာ ၁၀ ယောက် ထပ်တွေ့တယ်၊ ဆိုတော့ကာ မနေ့က တွေ့တာ  ၃၄ ယောက် ၊ ဟိုအရင်ရက်တွေက ၁၁ ယောက်တွေ့ထားတာနဲ့ဆိုရင် စုစုပေါင်း ၄၅ ယောက်ပေါ့ ၊ နောက်ပြီးတော့ အဲဒီစစ်ရှောင်စခန်း ၂ ခုက တို့ဖတ် နမူနာပေါင်း ၄၀၀ ကျော်ကို PCR စစ်ဖို့ ယူပြီး လားရှိုးဓာတ်ခွဲခန်းကို ပို့ထားပါတယ်၊ အဲဒါတော့ အဖြေမသိရသေးဘူး။”

စစ်ဘေးရှောင်စခန်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ လက္ခဏာပြပြီး နေမကောင်းသူတွေကို ကျောက်မဲဆေးရုံသို့လည်းကောင်း၊ ကျန်သူတွေကိုတော့  အားကစားရုံမှာ ယာယီဖွင့်လှစ်ထားတဲ့ ခရိုင် ကိုဗစ် - ၁၉ ကုသရေးစင်တာမှာ ထားရှိတယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်စခန်း ၂ ခုလုံးကို ပိုးသတ်ဆေးတွေဖျန်းထားပြီး lockdown ချထားပေမဲ့  ဒုက္ခသည်တွေဟာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့သာ စားသောက်နေရတာမို့  ကူညီထောက်ပံ့ မှုတွေသွားပေးမယ့်သူတွေကတော့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်နဲ့အညီ  ဝင်ရောက်နိုင်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ 

ကျောက်မဲမှာရှိတဲ့ တခြားစစ်ရှောင်စခန်းတွေမှာလည်း နေမကောင်းတဲ့လက္ခဏာပြသူရှိရင် အားလုံးကို ဆက်လက်စစ်ဆေးကုသပေးသွားဖို့ရှိတယ်လို့  ဒေါက်တာဦးကျော်မိုးထွန်းက‌ ပြောပါတယ်။

ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး  SSPP နဲ့ TNLA  ပါတဲ့ တပ်ပေါင်းစုက  တစ်ဘက်RCSS ကတစ်ဘက် နယ်မြေစိုးမိုးရေးပြဿနာနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့်  ရွာသားပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up