close

ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ထိုးပေးရန် ပြည်သူများကို အစ္စရေးအစိုးရ ကမ်းလှမ်း

အစ္စရေးအစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးပြီးသူ အားလုံးကို ဆေးရှိန်မပျက်အောင် ဆက်ပေးတဲ့ ထိုးဆေးထိုးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

သြဂုတ် ၂၉ ရက်မှာတော့ အသက် ၁၂ နှစ်အရွယ် ကလေးတွေကို ဆေးထိုးပေးဖို့ စတင် ကမ်းလှမ်းခဲ့တာပါ။

အရင်လက စတဲ့ သက်ကြီးနိုင်ငံသား ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကြောင့် ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်ခံရတဲ့ ဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတိုးနှုန်းတွေ နှေးသွားခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

ဖိုက်ဇာ- ဘိုင်အိုအန်တက်ခ် ကာကွယ်ဆေး ဒုတိယထိုးဆေးထိုးအပြီး ထိရောက်မှုဟာ ၆ လ အကြာမှာ လျော့ကျသွားလို့ ဆေးရှိန်မြှင့်ဆေး ထပ်ထိုးပေးဖို့ လိုတယ်လို့ အစ္စရေး ကျန်းမာရေး ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

တတိယ ထိုးဆေး ထိုးပြီးရင် ဒုတိယ ထိုးဆေးကြောင့်ရတဲ့ အကာအကွယ်အဆင့်ထက် ၁၀ ဆပိုပြီး အကာအကွယ်ရတယ်လို့ အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲ ရှရွန်အယ်လ်ရွိုင်းပရိယတ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အလွန်အမင်း ကူးစက်လွယ်တဲ့ ဒယ်လ်တာဗီဇမျိုးကွဲကူးစက်မှု ထိန်းချုပ်ဖို့ ရည်မှန်းပြီး အစ္စရေး အစိုးရဟာ အရင်လတည်းက သက်ကြီးနိုင်ငံသားတွေကို ဆေးရှိန်မြှင့် တတိယထိုးဆေး စတင် ထိုးနှံပေးခဲ့တာပါ။

အဲဒီနောက် ကာကွယ်ဆေးထိုးပေးမယ့် အသက်အရွယ်ကို တဖြည်းဖြည်း လျှော့ချပေးခဲ့ပြီး ဩဂုတ် ၂၉ ရက် ကြေညာချက်မတိုင်ခင်မှာ အသက် ၃၀ အရွယ် နိုင်ငံသားတွေကို ဆေးထိုးပေးခဲ့ ပြီးပါပြီ။

လူဦးရေ ၉ ဒသမ ၃ သန်းရှိတဲ့ အစ္စရေးမှာ လူ ၂ သန်းကို တတိယထိုးဆေး ထိုးနှံပြီးစီးခဲ့ပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အသက် ၁၂ နှစ်နဲ့အထက် လူအားလုံး ထွက်လာပြီး တတိယမြောက် ထိုးဆေး ချက်ချင်း ထိုးနှံကြဖို့ ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ကြေညာချက် ထုတ်ပြန် ဆော်သြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up