အိန္ဒိယတွင် တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် လူဒါဇင်ချီ သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ စက်တင်ဘာလဆန်းတည်းက ခုထိ တုပ်ကွေးအဖျားရောဂါ ကူးစက်နေလို့ ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။
အာဏာပိုင်တွေက ခြင်တွေ ပေါက်ဖွားနိုင်တဲ့ အခြေအနေတွေကို ဖျက်ဆီးဖို့ စတင် လှုပ်ရှားခဲ့ပါတယ်။
ရောဂါဒဏ်အခံရဆုံး ခရိုင်ဖြစ်တဲ့ ဖီရိုဇာဘက်ဒ်ခရိုင် တခုတည်းမှာ ကလေးအများအပြား အပါအဝင် လူ ၅၈ ယောက်ထက်မနည်း သေဆုံးခဲ့တာပါ။
လတ်တလောနှစ်တွေအတွင်း တုပ်ကွေး အဆိုးဆုံး ကူးစက်မှုအလယ် ရောက်သွားမှာကို ပြည်နယ်သားတွေ စိုးရိမ်နေကြပါတယ်။
ပြည်နယ်ထဲက ဆေးရုံတွေမှာလည်း တုပ်ကွေးလူနာတွေအတွက် အထူးလူနာဆောင်တွေကို ပြင်ဆင်ခဲ့ရပါတယ်။
တုပ်ကွေးလူနာအတွက် ခုတင် ၂၀ ပါတဲ့ လူနာဆောင် ၂ ဆောင် သီးသန့်ဖယ်ထားရတယ်လို့ ရှရီရှိဗာ ပါရာဆဒ် ဂုပ္ပတားခရိုင်ဆေးရုံက ဆေးဘက်ကြီးကြပ်ရေးမှူး ဒေါက်တာပရာဆာနာကူးမားက ပြောပါတယ်။
ကြွက်သားတွေ အဆစ်အမြစ်တွေ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ တုပ်ကွေးအဖျားရောဂါဟာ အေးဒီးစ်ခြင်အမျိုးအစား အကိုက်ခံရလို့ ဖြစ်လေ့ရှိတဲ့ ရောဂါဖြစ်ပြီး အပူပိုင်းဒေသ ရေသေ ရေပုပ်တွေမှာ ပေါက်ဖွားလေ့ရှိပါတယ်။