ဗီယက်နမ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ဆဲလှေပေါ်က ငါးဖမ်းသမားများကို ကယ်တင်

ဗီယက်နမ်နိုင်ငံကို အပူပိုင်းမုန်တိုင်း ကွန်ဆန် ဝင်ရောက်တိုက်ခတ်အပြီး ရေဘေးမှာ သောင်တင်နေတဲ့ လူ ၅ ယောက်နဲ့ နစ်မြုပ်နေဆဲ လှေပေါ်က ငါးဖမ်းသမား ၅ ယောက်ကို စစ်သားတွေက ကယ်ခဲ့ရတယ်လို့ အစိုးရ ရုပ်သံ VTV က ထုတ်လွှင့်ကြေညာပါတယ်။
နိုင်ငံအလယ်ပိုင်းက ဒါနန်းမြို့ရဲ့ လမ်းတွေမှာ ကားတွေ လူတွေ ရေကြီးနေတဲ့ကြားက သွားလာနေတဲ့ ရုပ်သံတွေကိုလည်း ပြသပါတယ်။
သီတင်းပတ် ကုန်ရက်က နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာအပြီး မုန်တိုင်းကြောင့် ရေကြီး မြေပြိုတာတွေ ဖြစ်မယ့်ဘေးကို အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ သတိပေးခဲ့ပါတယ်။
မုန်တိုင်းကြောင့် မိုးကြီးခဲ့တဲ့အတွက် ဗီယက်နမ်အလယ်ပိုင်းမှာ လူတယောက် သေဆုံးပြီး အိမ်ခြေ ၃၁ လုံး ပျက်စီးခဲ့ကာ စပါးခင်း ၂၄၇၂ ဧက ရေမြုပ်ခဲ့တယ်လို့ ဗီယက်နမ် ကပ်ဘေးစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
အရင်သီတင်းပတ်ကတော့ အာဏာပိုင်တွေက ကယ်ဆယ်ရေးအတွက် စစ်သည်အင်အား ၅ သိန်းကို အသင့်ပြင်ခိုင်းထားခဲ့ပြီး ဆိပ်ကမ်းမှာ ရေယာဉ်တွေ ဆိုက်ကပ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ရှည်လျားတဲ့ ကမ်းရိုးတန်းရှိလို့ မုန်တိုင်းတွေနဲ့ ရေဘေးတွေ ထူပြောတဲ့ ဗီယက်နမ်မှာ မုန်တိုင်းတွေကြောင့် မနှစ်က ရေကြီး၊ မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူ ၃၇၉ ယောက် သေဆုံးခဲ့ပြီး လူ ၁,၀၆၀ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။