close

လောက်ကိုင် BGF တပ်က ခြိမ်းခြောက်ပစ်ခတ်နေသဖြင့် သိန္နီဒေသခံများ လယ်ယာစိုက်ပျိုးရေး လုပ်မရဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နားတီးရွာ မော်ခန်ကုန်းရှိ စစ်ကောင်စီ လက်အောက်ခံ လောက်ကိုင် BGF တွေရဲ့ တပ်စခန်းကနေ လမ်းသွားလမ်းလာတွေကို ခြိမ်းခြောက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ လယ်ယာစိုက်ပျိုးရေး သွားလုပ်ဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "လယ်တော၊ ယာတော သွားပြီး ဖြတ်သန်းသွားလာတဲ့သူတွေကို ကုန်းပေါ်ကနေ ပစ်တာ ၇ ကြိမ်ရှိပြီ။ ဩဂုတ် ၃၀၊ စက်တင်ဘာ ၃၊ ၄၊ ၅၊ ၇  ရက်နေ့တွေမှာ။ ၄ ရက်နေ့က ၃ ကြိမ်" လို့ ပြောပါတယ်။ 

အဲဒီလို ခြိမ်းခြေက်ပစ်ခတ်နေတဲ့အပြင် လယ်ယာခြံမြေ သွားခွင့် မပြုတာကြောင့် ပျိုးခင်းတွေ ပေါင်းရှင်း၊ ရေသွင်းတွေလုပ်လို့ မရဘဲခက်ခဲနေတာကြောင့် သီးနှံတွေ ဆုံးရှုံးမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်တွေက နားတီးရွာခံတွေရဲ့ စိုက်ခင်းခြံမှာ တဲဆောက်၊ ဗုံးခို ကတုတ်ကျင်းတွေနဲ့ မြှောင်းတွေပါ တူး‌ပြီး တပ်စခန်းချ နေထိုင်တာကြောင့် စိုက်ပျိုးသီးနှံတွေ ခုတ်ထွင်ရှင်းလင်း ဖျက်ဆီးပစ်တာ ခံနေရတယ်လို့ ဒေသခံက ပြောပါတယ်။

နားတီးရွာ မော်ခန်ကုန်းမှာ စခန်းချနေထိုင်တဲ့ BGF တပ်ဖွဲ့ဟာ အင်အား ၆၀ ခန့်ရှိတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။ 

ဒေသခံ လူဦးရေ ၅၀၀ ကျော် စိုက်ပျိုးတဲ့ လယ်ခင်း၊ ယာခင်း ဧကပေါင်း သုံးလေးရာလောက်ရှိတယ်လို့ ဆိုပါတယ်။

BGF တပ်ဖွဲ့ဝင်တွေဟာ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ထားပေမယ့် ရွာထဲ ကြိုက်သလို ဝင်ထွက်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လောက်ကိုင် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ကလည်း လောင်းကစကားရုံ ပိုင်ရှင်တွေဆီ အလုပ်သမား အင်အား ၁၅၀ လောက်ပေးဖို့ ဖိအားပေး တောင်းဆိုတာကြောင့် အလုပ်သမားတွေကို ပေးပို့နေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up