ကဘူးလ်မြို့ ဒရုန်းတိုက်ခိုက်မှု၌ ကလေး ၇ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့သည့်အပေါ် အမေရိကန် တောင်းပန်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ပြီးခဲ့တဲ့လ ဒရုန်းတိုက်ခိုက်မှုတခုအတွင်း ကလေးငယ် ၇ ဦး အပါအ၀င် အရပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က စက်တင်ဘာ ၁၇ ရက် မှာ ပြောကြားလိုက်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က ဒါဟာ ကြေကွဲဖွယ်အမှားတစ်ခု ဖြစ်ခဲ့တယ်လို့လည်း ပြောပြီး တောင်းပန်စကား ဆိုပါတယ်။
အာဖဂန်နစ္စတန်ကနေ နိုင်ငံခြားတပ်ဖွဲ့တွေ ဆုတ်ခွာမှု နောက်ဆုံးအဆင့်တွေ ပြီးစီးသွားချိန်မှာ ဖြစ်ပွားခဲ့တဲ့ သြဂုတ် ၂၉ ရက် တိုက်ခိုက်မှုဟာ ကဘူးလ်လေဆိပ်ကို ခြိမ်းခြောက်မှု လုပ်လာတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က အသေခံဗုံးခွဲသမားတစ်ဦးကို ပစ်မှတ်ထားခဲ့တာလို့ အမေရိကန်အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ လေဆိပ်မှာရှိတဲ့ သူတို့တပ်ဖွဲ့တွေနဲ့ ဘေးလွတ်ရာပြေးလာသူတွေဆီ မလွဲဧကန် ရောက်လာတော့မယ့် ခြိမ်းခြောက်မှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ အဆုံးစွန် ယုံကြည်ခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ဖရန့်မက်ကင်ဇီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ဒါဟာအမှားတစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးတပ်မှူးအနေနဲ့ ဒီတိုက်ခိုက်မှုနဲ့ ဒီကြေကွဲဖွယ်ရလဒ်အတွက် သူ့မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း တောင်းပန် ပြောဆိုပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ဟာ သေဆုံးသွားတဲ့ အရပ်သားတွေအတွက် လျော်ကြေးပေးဖို့လည်း စဉ်းစားနေတယ်လို့ ဗိုလ်ချုပ်မက်ကင်ဇီက ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးကြောင်း သတင်းတွေက ချက်ချင်းလိုလို ထွက်ပေါ်လာတာပါ။
အာဖဂန်နစ္စတန်ရဲ့တာလီဘန်အုပ်ချုပ်ရေးအဖွဲ့သစ်ရဲ့ ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က အဲ့ဒီအချိန်က တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးကြောင်း ပြောကြားခဲ့ပါတယ်။