ချန်ပီယံဖြစ်ရန် စိန်ခေါ်မှုများရှိနေသော်လည်း အသင်းစိတ်ဓာတ်ပိုင်းကို အားရကြောင်း ဗာရန်းပြော

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဆုဖလားရဖို့အတွက် စိန်ခေါ်မှုတွေရှိပေမဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကိုတော့အားရကြောင်း နောက်ခံလူသစ် ဗာရန်းက ပြောပါတယ်။
ဗာရန်းဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးနောက် အခုနှစ်ရာသီမှာ မန်ယူအသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။ သူ့အသက် ၁၈ နှစ်အရွယ် ၂၀၁၁ နှစ်ကတည်းက ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နည်းပြဖာဂူဆန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်လို့လည်း ဗာရန်းက ပြောပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ အရင်ကလို အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိပေမဲ့ အသင်းသားတွေအားလုံးက အောင်မြင်မှုကိုဆာလောင်ကြပြီး အကောင်းဆုံးလုပ်ဆောင်ချင်တဲ့ ဆန္ဒတွေရှိကြတာကြောင့် အားရကျေနပ်စရာဖြစ်တယ်လို့ ဗာရန်းက ပြောပါတယ်။
မက်ဒရစ်မှာ အခြေကျနေပေမယ့် ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တာက စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အရာအားလုံးက အသစ်တွေလိုပဲဖြစ်နေပေမယ့် လက်ရှိအချိန်အထိတော့ ကျေနပ်ပျော်ရွှင်ရတယ်လို့လည်း ဗာရန်းက ပြောပါတယ်။
ဗာရန်းဟာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခဲ့ပြီး ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်မှာ ဒုတိယအကြိမ်မြောက် ပါဝင်ကစားခဲ့ပါတယ်။